ကျဆုံး AA ဗိုလ်လောင်းအခမ်းအနားတက်ရောက်၍ အဖမ်းခံရသူ ဦးအစံမောင်ကို ဘေးစီမံပုဒ်မ(၂၅) ဖြင့်အမှုဖွင့်

ကျဆုံး AA ဗိုလ်လောင်းအခမ်းအနားတက်ရောက်၍ အဖမ်းခံရသူ ဦးအစံမောင်ကို ဘေးစီမံပုဒ်မ(၂၅) ဖြင့်အမှုဖွင့်

ထွန်းခိုင် — စစ်တွေတွင် ပြုလုပ်သည့် AA ဗိုလ်လောင်း ၈ ဦး ကျဆုံးနေ့ ( ၆) နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ခဲ့၍ ဖမ်းဆီးခံရသူ ဦးအစံမောင်ကို ဘေးစီမံ ပုဒ်မ(၂၅) ဖြင့် အမှုဖွင့်လိုက်သည်ဟု သတင်းရရှိသည်။

စစ်တွေမြို့မှ လူမှုရေး လုပ်ငန်းများကို ဆောင်ရွက်နေသူ ဦးအောင်သန်းဝေက “ ကျနော်စခန်းမှူးကို မေးလိုက်တော့ စခန်းမှူးက သူ့ကိုဘေးစီမံ ပုဒ်မ ၂၅ နဲ့ အမှုဖွင့်ထားတယ်လို့ပြောတယ်။ အမှုဖွင့် လိုက်တာကတော့ တရားစွဲတဲ့ အဖွဲ့က အတွင်းရေးမှူးကနေ တရားလိုလုပ်ပြီးတော့ အမှူဖွင့်တယ်လို့ ပြောပါတယ်” ဟုပြောသည်။

အမှုဖွင့်ခံရသူ ဦးအစံမောင်သည် စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက် ဂေါက်ချီလမ်းတွင်နေထိုင်သူ ဖြစ်ပြီး ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က သူ၏ နေအိမ်မှ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခေါ်ခံခဲ့ရခြင်း ဖြစ်သည်။

“ သူကတော့ ညနေဆိုလိုရှိရင် အဲဒီနားမှာ ပုံမှန်လမ်းလျှောက်ဖို့သွားတယ်လို့ပြောတယ်။ သူ့လမ်းလျှောက် နေတဲ့ အချိန်မှာ မီးထွန်းဆုတောင်းပွဲလုပ်ဖို့ စီစဉ်နေတဲ့ လူငယ်တွေက သူ့ကိုမြင်တော့ ကျဆုံးသွားတဲ့ ဗိုလ်လောင်း ၈ ယောက်ရုပ်ပုံပါတဲ့ အင်္ကျီတစ်လုံးပေးတယ်။ အင်္ကျီဝတ်ခိုင်းပြီး သူ့ကို ဖိတ်ခေါ်တဲ့အတွက် ပါဝင်ရခြင်းသာဖြစ်တယ်လို့ပြောတယ်။ ဘယ်သူဦးဆောင်ပြီးလုပ်တယ်ဆိုတာကိုလည်း သူမသိဘူးလို့ ကျနော်သူနှင့် သွားတွေ့တဲ့အချိန်မှာ ကျနော်ကိုပြောတယ်” ဟုပြောသည်။

၎င်းဆုတောင်းပွဲတွင် လူငယ် ၃ဝ ခန့်ပါဝင်ပြီး သူတို့ကို အမှုဖွင့်မည်/ မဖွင့်မည်ကို မသိရသေးကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍   စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးအား ဆက်သွယ်ခဲ့ရာ ရဲတပ်ဖွဲ့ကိုသာမေးဟု ပြန်လည်ဖြေကြားခဲ့သည်။

၄င်းအပြင် စစ်တွေခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးနှင့် စစ်တွေမြို့အမှတ် (၁) ရဲစခန်းမှ စခန်းမှူး ဦးအောင်မြဦးတို့အား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

ပြီးခဲ့သော နိုဝင်ဘာလ ၁၉ ရက်နေ့သည် ရက္ခိုင့်တပ်တော် (AA) မှ ကျဆုံးသွားသော ဗိုလ်လောင်း ၈ ဦး၏ ( ၆) နှစ်ပြည့်နေ့ ဖြစ်သဖြင့် လူငယ် ၃ဝ ခန့်က စစ်တွေမြို့၊ ကမ်းနားလမ်း၊ ကိုးရီးယားဆိပ်ကမ်းတွင် အောက်မေ့ ဆုတောင်းပွဲ အခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - Crd
September 21, 2026
ရခိုင်/အာရက္ခပြည်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှု...
September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...