ပလက်ဝမြို့ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့မှုအချိူ့ရရှိ

ပလက်ဝမြို့ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့မှုအချိူ့ရရှိ

လားနွန် — ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေကြသည့် စစ်ဘေးရှောင်ပြည်သူများကို ကမ႓ာ့မိသားစုဟုခေါ်သော (Family World) Local NGO အဖွဲ့က စောင်နှင့်ခြင်ထောင်များကို နိုဝင်ဘာလ ၁၇ ရက် နေ့ကစ၍ ကူညီထောက်ပ့ံပေးခဲ့သည်ဟု သိရသည်။

Family World အဖွဲ့မှ ကိုစောပိုင်က “ မနေ့က စပြီးဝေပါတယ်၊ စောင်၊ ခြင်ထောင်၊ ဆိုလာဓာတ်မီး နဲ့ ဖျာ ၄ မျိူးဖြန့်ေ ဝပါတယ်၊ စောင်နဲ့ဓာတ်မီးနဲ့တွဲတယ်၊ ခြင်ထောင်နဲ့ဖျာနဲ့တွဲတယ် အဲဒါကိုမဲနှိက်ခိုင်းပြီး ရတဲ့စာရင်းအတိုင်း ကျနော်တို့က ပေးတာပေါ့’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောပြသည်။

ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်ပြည်သူအိမ်ထောင်စုပေါင်း (၉၀၀) ကျော်ခန့်ရှိသည့်အနက် ယခုလက်ရှိအချိန်ထိ စစ်ဘေးရှောင်အိမ်ထောင်စု ၄၀၃ ခုထံ အဆိုပါအထောက်အပံ့များပေးအပ်ပြီးဖြစ်ကာ မနက်ဖြန်တွင်လည်း ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်သော်လည်း စစ်ဘေးရှောင်အိမ်ထောင်စုအားလုံး ရရှိနိုင်မည်မဟုတ်ကြောင်း ၎င်းကဆက် ပြောသည်။

“ ကျနော်တို့အနေနဲ့ အားလုံးကိုပေးချင်တယ် ဒါပေမယ့်အကုန်လုံးတော့ရနိုင်မှာမဟုတ်ဘူး အိမ်ထောင်စုပေါင်း ၆၁၄ စုပဲ ပေးနိုင်မယ် အိမ်ထောင်စု ၃၀၀ လောက်ကရနိ်ုင်မှာမဟုတ်ဘူး၊ ကျနော်တို့ ပေးတဲ့နေရာမှာ တစ်ချိူ့ကစောင်တွေရတယ်၊ တစ်ချိူ့ကမရဘူးပေါ့နော်၊ တိုက်ပွဲရှောင်တွေဖြစ်ကြတော့ နေအိမ်တွေမီးရှို့ခံရပြီးတော့ ထွက်ပြေးလာတဲ့သူတွေလည်းရှိ တယ်၊ ဘာမှမပါလာတဲ့အတွက်ကြောင့် သူတို့မှာ အခုကဆောင်းရာသီလည်း ဝင်လာတော့ စောင်တွေကို ပိုလိုချင်ကြတာ ပေါ့နော် တခြားပစ္စည်းတွေထက် စောင်ကိုပိုလိုချင်ကြတယ်’’ ဟု ကိုစောပိုင်ကပြောသည်။

တမ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ယခုလက်ရှိ ပလက်ဝမြို့ပေါ်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၄၈၀၀) ကျော်၊ ဆမီးမြို့ပေါ် စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၃၃၀၀ ကျော်၊ မီးဇာကျေးရွာစစ်ဘေးရှောင်စခန်းတွင်လူဦးရေ (၅၀၀) ကျော်၊ စိမ့်စင်းကျေးရွာတွင် လူဦးရေ ၂၀၀ ကျော်ရှိပြီး စုစုပေါင်း စစ်ဘေးရှောင်ပြည်သူတစ်သောင်းနီးပါးခန့်ရှိကြောင်းသိရသည်။

ဆောင်းရာသီကာလရောက်ရှိလာပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် အနွေးထည်နှင့် စောင်လိုအပ်မှု မြင့်မားနေပြီး ယနေ့ချိန်ထိ ကူညီထောက်ပ့ံမှုမရရှိကြသေးကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့နယ်အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများကူညီထောက်ပံ့နိုင်ရေးအမြန်ဆုံးဆောင်ရွက်သွားမည်ဟု ပြောသည်။

“ပြည်နယ်ဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီး ပြည်နယ်အတွင်းရေးမှူးနဲ့ ကျနော်နဲ့ ထိုင်ဖြစ်တယ် ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တစ်သောင်းပတ်ဝန်ကျင်လောက်က အိမ်တွေကိုစွန့်ခွာပြီးထွက်ပြေးလာကြတယ် အခုက ဆောင်းရာသီလည်းဖြစ်နေပြီဆိုတော့ ဆောင်းဝတ်အင်္ကျီကတဖြည်းဖြည်းလိုအပ်လာမယ် လူကြီးတွေအတွက်မဟုတ်ရင်တောင်မှ ကလေးငယ်တွေအတွက်အရေးကြီးတယ်လို့ အစည်းဝေးလုပ်ပါတယ် ပြည်နယ်အစိ်ုးရဘက်က သဘာဝဘေးစီမံကိန်းဘက်ဂျက်နဲ့ မကြာခင်စီမံပေးမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ် ဒီလအတွင်းမှာ အကောင်ထည်ဖော်ဖို့ ပြည်နယ်အစိုးရဖက်ကပြောပါတယ် ဘေးစီမံကိန်းကရှိတဲ့ငွေကြေးနဲ့ အနွေးထည်တွေဝယ်ပြီးတော့ ပလက်ဝရောက်အောင်ပို့ပေးမယ် ပြည်နယ်အစိုးရဘက်က သူတို့ငွေကြေးနဲ့ သူတို့ကိုယ်တိုင်ဝေပေးသွားမယ်” ဟု ဦးဝှေ့တင်းကပြောသည်။

ယခု ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ပေးနေသည့် ကမ႓ာ့မိသားစုဟုခေါ်သော (Family World) အဖွဲ့သည် ရန်ကုန်မြို့၊ ဟားခါးမြို့ နှင့် ပလက်ဝမြို့တို့တွင်အခြေစိုက်ပြီး သဘာဝဘေးအန္တာရာယ်ဆိုင်ရာ ကူညီထော က်ပံ့မှုများ၊ ကလေးသူငယ်အခွင့်အရေးကာကွယ်မှုနှင့် ပညာရေးကူညီထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...