အစိုးရသစ်လက်ထက်မှာ အကြီးစား စီမံကိန်းတွေ တာဝန်ယူမှုတာဝန်ခံမှုရှိဖို့ စောင့်ကြည့်ရေးကွန်ယက်အဖွဲ့တွေပြင်ဆင်

အစိုးရသစ်လက်ထက်မှာ အကြီးစား စီမံကိန်းတွေ တာဝန်ယူမှုတာဝန်ခံမှုရှိဖို့ စောင့်ကြည့်ရေးကွန်ယက်အဖွဲ့တွေပြင်ဆင်

စိုးထိုက်အောင် — ၂၀၂၀ရွေးကောက်ပွဲအပြီး အစိုးရသစ်တစ်ရပ်တက်လာရင် လွိုင်ကော်မြို့နယ် စက်မှုဇုန်မှာတည်ဆောက်ထားတဲ့ အကြီးစား ခဲသတ္တုစက်ရုံကို တာဝန်ယူမှုတာဝန်ခံမှုရှိဖို့အတွက် သတိပေးနိုးဆော်သွားမယ်လို့ ကရင်နီ အကြီးစားရင်းနှီးမြှပ်နှံမှုစီမံကိန်း စောင့်ကြည့် ရေးကွန်ရက်အဖွဲ့က အစီရင်ခံစာတွေ ၊ စာအုပ်တွေ စတင်ထုတ်ဝေဖြန့်ချိလျက်ရှိနေပါတယ်။

ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) စနစ်၊ ကနဦး ပတ်ဝန်းကျင် ဆန်းစစ်ခြင်း (IEE) ၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (EMP) တွေမချပြနိုင်သေးခင်မှာပဲ လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စုထဲက စက်မှုဇုန်မှာ ခဲသတ္တုသန့်စင်စက်ရုံကို တည်ဆောက်နေတဲ့အပေါ်မှာ အစိုးရကနေ တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့အပေါ် အခုလို တိုက်တွန်းနိုးဆော်လိုက်ကြတာဖြစ်ပါတယ်။

ကရင်နီ အကြီးစားရင်းနှီးမြှပ်နှံမှုစီမံကိန်း စောင့်ကြည့် ရေးကွန်ရက်(KMIW) စောအယ်စေးက “ ဒီလိုစီမံကိန်းမျိုးကို ဒီနောက်တက်လာမယ့် အစိုးရသော်လည်းကောင်း၊ ကျနော်တို့ အစိုးရ ဟောင်းလဲ ဖြစ်ရင်ဖြစ်မယ်၊ အစိုးရ အသစ်ဖြစ်ရင်လဲဖြစ်မယ် ဒီအပေါ်မှာ သူတို့ တာဝန်ယူဖြေရှင်းပေးရမယ်ဆိုတဲ့ အကြောင်းကို ကျနော်တို့ ကြိုတင်ပြီးတော့ သတိပေးလိုက်တဲ့ သဘောမျိုးပေါ့။”လို့ ပြောပါတယ်။

စီမံကိန်းကနေ လူ့အခွင့်အရေးဆိုင်ရာနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်စရာတွေမှာ ချိုးဖောက်ခံရမှုတွေများကြီးကြုံနေရတယ်လို့ ဆိုပါတယ်။

၎င်းစက်ရုံတည်ဆောက်မှုနဲ့ပတ်သက်လို့ ဒေသခံတွေနဲ့ သွားရောက်တွေ့ဆုံပြီးနောက်မှာ အဆိုပါ စက်ရုံရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချပြလိုက်တဲ့အခါမှာ ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့မှကယား(ကရင်နီ) ပြည်နယ်တာဝန်ခံ ခွန်းအန်းဂျလိုကပြောပါတယ်။

“အဲ့အပေါ်မှာမှ ကျနော်ဒေသခံတွေကို သွားတွေ့တဲ့အခါအမှာ အဲ့မှာရှိတဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ ချပြတဲ့အခါမှာဒေသခံတွေက စိုးရိမ်မှုတွေ တော်တော်ဖြစ်တာပေါ့။ ဘာဖြစ်လဲဆို ဆိုးကျိုးက ပိုများနေတယ်။ အထူးသဖြင့် အဲ့ဒီစွန့်ပစ်မြေဇာတွေပြောတဲ့နေရာမှာ တန်ရေ အရမ်းများတဲ့ခါကျတော့ ဘယ်မှာ စွန့်ပစ်မလဲ ဒီနေ့၊ ဒီအချိန်ထိ လူထုတွေ မသိခဲ့ဘူး။ နောက်တစ်ခုက ရေအသုံးပြုမှုမှာလဲ ဂါလံပေါင်းက အရမ်းများနေတဲ့ခါကျတော့ ဘယ်မှာယူမလဲဆိုတဲ့ဟာတွေ လူထုတွေက မသိခဲ့ဘူး မသိတော့ ဒီစာအုပ်ထွက်ပြီးနောက်ပိုင်းမှာ ဒေသခံတွေက ဒါတွေဖတ်ရင်းနဲ့ တွေ့သွားတဲ့အခါ စိုးရိမ်မှုတွေ အများကြီးပေါ်ပေါက်လာတာပေါ့။” လို့ ခွန်းအန်းဂျလိုကပြောပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ အကြီးစားစီမံကိန်းတွေဆောင်ရွက်နေမှုနဲ့ အခြေအနေတွေကို ပြည်သူတွေသိရှိလာစေဖို့ ၎င်းကွန်ယက်အဖွဲ့တွေကနေပြီး ပူးပေါင်းကြံစည်မှု အစီရင်ခံစာတွေ ထုတ်ပြန်လျက်ရှိနေပါတယ်။

စာအုပ်ထုတ်ရတဲ့ အဓိက ရည်ရွယ်ချက်က ဒီသတ္တုသန့်စင်စက်ရုံစီမံကိန်းမှာ ပါဝင်တဲ့မူရင်းအစီအစဉ်တွေကို အစိုးရနဲ့ ကုမ္ပဏီဘက်ကနေ ချပြတာ မရှိတဲ့အတွက်ဖြစ်တယ်လို့ စောအယ်စေးပြောပါတယ်။

“ ထုတ်တဲ့စာအုပ်ရည်ရွယ်ချက်ကတော့ ကျနော်တို့ ဒီ ပူးပေါင်းကြံစည်မှု အစီရင်ခံစာရဲ့ နောက်ဆက်တွဲတစ်ခုလို့လဲ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ဒီ ပူးပေါင်းကြံစည်မှု အစီရင်ခံစာမှာ ပါတဲ့အကြောင်းအရာက ဒီတစ်ခုနဲ့ မပြီးဘူး။ ဘာလို့ဆိုတော့ သူ့ရဲ့ မူရင်းအစီအစဉ်ရှိတယ်။ အဲ့ဒီမူရင်းအစီအစဉ်ကို အခုချိန်ထိ ဘယ်သူမှမပြောသေးဘူး။ အစိုးရလဲ တာဝန်မယူဘူး။ ဘယ်သူမှမပြောဘူး။ ဒီကုမ္ပဏီကလဲ မပြောသေးဘူး။ ဒီစီမံကိန်းက အရမ်းကြီးတယ်။ အဲ့ဆိုတော့ ဒီလက်ရှိပူးပေါင်းကြံစည်မှု အစီရင်ခံစာမှာပါတဲ့ စီမံကိန်းဟာ ကျနော်တို့ ဒီနေ့မိတ်ဆက်တဲ့ စာအုပ်ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ ဖြစ်တဲ့အတွက် ကျနော်တို့ မဖြစ်မနေပြောဖို့ လိုအပ်တယ် ဆိုတဲ့အကြောင်း ပထမဆုံးအနေနဲ့ ပြောချင်ပါတယ်။” လို့ စောအယ်စေး ကပြောပါတယ်။

ဒီအပေါ်မှာ ကရင်နီအရပ်ဖက်အဖွဲ့အစည်းတွေကနေပြီး ထောက်ပြဝေဖန်နေတဲ့အပေါ်မှာတော့ ကုမ္မဏီဘက်ကနေပြီးတော့ သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာတွေနဲ့ စနစ်တကျဆောင်ရွက်ထားတဲ့အကြောင်းကို သတ္တုသန့်စင်စက်ရုံတည်ဆောက်နေတဲ့ Global South Industrial Co.ltd ကုမ္ပဏီ ဒါရိုက်တာ ဦးဝင်းမော် အခုလို ပြန်လည်တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

“ သူတို့ လုပ်ရတဲ့အလုပ်ကို လုပ်တယ်လို့ အကိုတာ့ အဲ့လိုပဲယူဆတယ်ပေါ့နော်။ အဲ့တော့ ဘာဖြစ်လို့ ဒီစာအုပ်တွေကို ထုတ်နေလဲဆိုတာတော့ ဒါ သူတို့ကိုယ် သူတို့ပဲ သိမှာပေါ့နော်။ ဒါပေမယ့် တကယ်တမ်းပြောမယ်ဆိုရင်တော့ အဲ့ဒီကိစ္စကို အကိုတို့ က ဘာမှစီစဉ်ထားတဲ့အထဲမှာ မပါဘူးလေ။ အကိုတို့ ကုမ္ပဏီပေါ့နော် ဒီ Global South Industrial Co.ltd ရဲ့အဓိက ရည်ရွယ်ချက်ကတော့ ဘာပဲလုပ်မလဲလို့ ပြောရင် အခုအကိုတို့ အဆိုပြုချက် တင်ထားတယ်။ အဲ့ဒီအပေါ်မှာမြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်ကနေ အကိုတို့ကို သေချာ စနစ်တကျစီစစ်ပြီးမှ ပြန်ချပေးထားတဲ့ လွိုင်ကော်စက်မှုဇုန်အပိုင်း(၂)ထဲမှာ ၁၁၃ ဧကအပေါ်မှာ ခဲမဖြူ၊ အဖြိုက်နက် သတ္တုရောရာ ကုန်ချောစက်ရုံပေါ့နော် ဒီစက်ရုံတည်ဆောက်ရေးလုပ်ငန်းကို အကိုတို့ လုပ်နေတယ်။ လုပ်နေတဲ့ကာလမှာပဲ အကိုတို့ အတတ်နိုင်ဆုံးလုပ်နေတယ်။ နောက်ပြီးတော့ EIA SIA နဲ့ပတ်သတ်ပြီးတော့လဲ အကိုတို့ လုပ်နိုင်တဲ့ ကဏ္ဍလေးတွေကို အကိုတို့ လုပ်နေတယ်။” လို့ ဦးဝင်းမော်က ပြောပါတယ်။

သတ္တုသန့်စင်စက်ရုံကနေ သတ္တုသားတွေပဲ ထုတ်လုပ်မှာဖြစ်တဲ့အတွက်ကြောင့် စွန့်ပစ်ပစ္စည်းဆိုတာလဲ အများကြီးရှိလာမှာမဟုတ်တဲ့အကြောင်း ရေကိုလဲ စက်ရုံက တစ်ရက်ကိုအများဆုံး ရေဂါလံပေါင်း ၁၆၀၀ပတ်ဝန်းကျင်လောက်ကိုပဲ အသုံးပြုသွားမှာဖြစ်တဲ့အတွက် ရေအရင်းအမြစ်ကိုလဲ အရမ်းထိခိုက်မှာ မဟုတ်ဘူးလို့ ဦးဝင်းမော်က ဆိုပါတယ်။

တစ်ရက်ကို ရေဂါလံ ၁၆၀၀သာအသုံးပြုမှာဖြစ်တဲ့အတွက် စက်ရုံမှာ လိုအပ်တဲ့ရေတွေကိုအဓိကအနေနဲ့ မိုးရေကိုသာ အသုံးပြုသွားမှာဖြစ်ပြီးတော့ အသုံးပြုပြီးသားရေတွေကိုလဲ ပြန်လည်အသုံးပြုလို့ရတဲ့ စနစ်ဖြင့် ပြန်လည်သန့်စင်ပြီးအသုံးပြုသွားမယ်လို့ ဦးဝင်းမော်က ပြောပါတယ်။

အဆိုပါ ခဲမဖြူ၊ အဖြိုက်နက်နှင့် ရောရာသတ္တုတွေကို သန့်စင်ပြီး သတ္တုကုန်ချောအဆင့်ကိုရောက်အောင် ထုတ်လုပ်နိုင်ဖို့အတွက် Global South Industrltdia Com(ကမ္ဘာ့တောင်ပိုင်းစက်မှုကုမ္ပဏီလိမီတက်)မှာ အမေရိကန်ဒေါ်လာသန်(၄၅)သန်း၊ ပြည်တွင်း ရတနာကုဋေသိုက်ကုမ္ပဏီလိမိတက်မှ အမေရိကန်ဒေါ်လာ (၅)သန်းဖြင့် စုစုပေါင်းအမေရိကန်ဒေါ်လာ သန်း(၅၀)တန်ဖိုးရှိတဲ့နိုင်ငံခြားဖက်စပ်ရင်းနှီးမြှပ်နှံမှု စီမံကိန်းတစ်ခုဖြစ်ပါတယ်။

ကရင်နီအကြီးစားရင်းနှီးမြှပ်နှံမှုစောင့်ကြည့်ရေးကွန်ယက်အဖွဲ့ (KMIW) အဖွဲ့ကို ကယား(ကရင်နီ)ပြည်နယ်အတွင်းက လူ့အခွင့်အရေးဆိုင်ရာ. သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မြေယာအခွင့်အရေးဆိုင်ရာ. တောင်သူလယ်သမားအခွင့်အရေးဆိုင်ရာ. ဌာနေတိုင်းရင်းသားအခွင့်အရေးဆိုင်ရာအဖွဲ့တွေနဲ့ နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အရေးတွေကိုလုပ်ဆောင်နေတဲ့ လူထုအခြေပြုအရပ်ဘက် အဖွဲ့ (၅)ဖွဲ့ဖြင့်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ပုံစာ - လွိုင်ကော်မြို့နယ်အတွင်းမှာတည်ဆောက်နေတဲ့ ခဲသတ္တုစက်ရုံကို မြင်တွေ့ရစဉ်။ ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...