ကျောက်ဖြူတွင် ဂဏန်းမြှုံးထောင်နေသည့် ဒေသခံတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

ကျောက်ဖြူတွင် ဂဏန်းမြှုံးထောင်နေသည့် ဒေသခံတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

အောင်ထိန် — ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့တောင်ငူရပ်ကွက်နေ ဦးကျော်လှစိန် (၆၄) နှစ်သည် နိုင်ဝင်ဘာ ၄ ရက်နေ့တွင် ဂဏန်းမြှုံးထောင်နေချိန် တပ်မတော်က ပစ်ခတ်လိုက်၍  သေဆုံးသွားကြောင်း မိသားစုဝင်များက ပြောသည်။

“ကျွန်တော့်အဖေက ညနေ ၉ နာရီအထိ အကောင်းကြီးရှိသေးတယ်။ ကျွန်တော်နဲ့ ဖုန်းတောင်ပြောလိုက်တယ်။ နာရေးအသင်း အကြောင်းကြားလို့ ကျွန်တော့်အဖေသေတယ်ဆိုတာ သိရတာ။ ဒဏ်ရာတွေက ဗိုက်မှာတစ်ပေါက်၊ ဗိုက်ကနေပြီး နောက်ကျောကိုပေါက်လို့တစ်ခု၊ လည်ပင်းမှာတစ်ခုနဲ့ သေဆုံးသွားတာ”ဟု သေဆုံးသူ၏ သားဖြစ်သူ ကိုတင်ထွန်းက ဆိုသည်။

ဦးကျော်လှစိန်(၆၄)နှစ်မှာ တစ်ခြားအလုပ်အကိုင်များကို မလုပ်ကိုင်တတ်သည့်အတွက် ဂဏန်းမြှုံးထောင်သည့် လုပ်ငန်းကိုသာ လုပ်ကိုင်စားသောက်နေသူတစ်ဦးဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။

အဆိုပါမြို့အနီးရှိ ရေဆိပ်ခံတံတားတွင် တပ်မတော်က လုံခြုံရေးဆောင်ရွက်နေကြစဉ် နိုဝင်ဘာလ ၄ ရက်နေ့ ၄ နာရီ ၁၀မိနစ်အ ချိန်ခန့်တွင် မသင်္ကာဖွယ် လှေ ၂ စီးမှာ စနဲချောင်းဖက်မှ ဆိပ်ခံတံတားရှိ စစ်ရေယာဉ်အနီးသို့ မျောလာသည်ကို တွေ့သဖြင့် တားဆီးရာ ရပ်တန့်ခြင်းမရှိသောကြောင့် ခြောက်လန့်ပစ်ခတ်တားဆီးခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

ထို့နောက် စက်လှေနှစ်စီးမှာ ရေယာဉ်၏အရှေ့မီတာ ၅၀  ခန့်အကွာထိရောက်ရှိလာပြီး လှေပေါ်ပါရှိသည့် ပစ္စည်းများအား ရေထဲသို့ပစ်ချနေသည်ကို တွေ့သဖြင့် လုံရေးတပ်ဖွဲ့များက ထပ်မံပစ်ခတ်တားဆီးရာ လှော်ခတ်ထွက်ပြေးခဲ့သဖြင့် လိုက်လံဖမ်းဆီးရာ လှေပေါ်၌ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဦးကျော်လှစိန်(၅၀)နှစ်အား အသေဖမ်းဆီးရမိပြီး လှိုင်ထွန်း (၂၉) နှစ်ကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ယင်းသို့ ဖမ်းဆီးရမိသူများနှင့် စက်လှေ ၂ စီးအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ နယ်မြေခံရဲစခန်းသို့ လွှဲပြောင်းအပ်နှံသွားမည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ကျွန်တော်တို့အဖေ ဖုန်းတောင်ဆက်ဖို့မတတ်ဘူး။ ဖုန်းဖွင့်ဖို့နဲ့ ဝင်လာရင်ကိုင်ဖို့ ဒါပဲတတ်တာ။ အ‌ဖေက အိမ်မှာ စားဝတ်နေရေး အဆင်မပြေလို့ အဲဒီအလုပ်ကို လုပ်နေတာ။ သူတို့ လုပ်ချင်သလိုလုပ် ပြောချင်သလိုပြောနေတာ။ သူတို့အာဏာရှိပြီးတော့ သူတို့ခေတ်မှာ ပြောချင်သလို လုပ်ချင်သလို လုပ်လို့ရတာကိုး”ဟု သားဖြစ်သူက ပြောသည်။

စနဲမြို့အနီးရှိ အမှတ်(၁၈) ရေတပ်စခန်းမှ သေဆုံးသူရုပ်အလောင်းတစ်ခုအား သယ်ယူရန် စနဲမြို့စခန်းမှူးက အကူအညီတောင်းလာသဖြင့် ခုနှစ်စဉ်ကြည် နာရေးကူညီမှုအသင်းက သွားရောက်သယ်ယူခဲ့ကြောင်း နာရေးကူညီမှုအသင်း ဥက္ကဌ ကိုထွန်းထွန်းဦးက ဆိုသည်။

ယင်းရုပ်အလောင်းအား ကျောက်ဖြူဆေးရုံရှိ ရင်ခွဲရုံ၌ အလောင်းကိုဖွင့်ကြည့်ရာ စနဲမှ ဦးကျော်လှစိန်၏ အလောင်းဖြစ်သဖြင့် မိသားစုဝင်များကို ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်၍ ရှင်းပြသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့်AA တို့ တိုက်ပွဲဖြစ်ပွားနေကြရာ ၂၀၂၀ ခုနှစ် ဇွန်လမှ နိုင်ဝင်ဘာ ၅ ရက်နေ့အထိ အရပ်သား သေဆုံးသူ ၅၂ ဦး နှင့် ဒဏ်ရာရရှိသူ ၁၄၁ ဦးထိ ရှိလာသည်။

September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...
စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...