ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး မေလမှ စက်တင်ဘာလအထိ သေဆုံးသူ ၃၀ ဦးအထိ ရှိလာသည်။
စက်လှေနစ်မြုပ်၍ သေဆုံးသူများထဲတွင် အဥ္ဇနပူရ (မင်းပြား) နှင့် မြေပုံမြို့နယ်မှ ၉ ဦး၊ ရသေ့တောင်မြို့နယ်မှ ၁၂ ဦးနှင့် တောင်ကုတ်မြို့နယ်မှ ၉ ဦးတို့ ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်က ရသေ့တောင်မြို့နယ်၊ အိုးဖောက်ရွာမှ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်း ကျေးရွာသို့ သွားသည့် စက်လှေတစ်စီး နစ်မြုပ်ခဲ့ရာ ခရီးသည် ၉ ဦးကို ကယ်တင်နိုင်ခဲ့သော်လည်း ကျောင်းဆရာ တစ်ဦး သေဆုံးခဲ့ရသည်။
ဘူးသီးတောင်မြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက “ခရီးသည်တင် စက်လှေတွေ အားလုံး အသက်ကယ်အင်္ကျီ ဖြစ်ဖြစ် ပလက်စတစ်ဘူးတွေ ဖြစ်ဖြစ် ဆောင်ထားသင့်တယ်။ ဆရာ၊ ဆရာမတွေဆိုလည်း လစာက မလောက် မငှနဲ့ဆိုတော့ Life Jecket (အသက်ကယ်အင်္ကျီ) ဝယ်ဖို့ မဖြစ်နိုင်ဘူး။ ဌာနကဖြစ်ဖြစ် ဝယ်ပေးရင်တော့ အကောင်းဆုံးပေါ့” ဟု ပြောသည်။
စက်လှေနစ်မြုပ်၍ သေဆုံးမှု ဖြစ်စဉ်များတွင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများနှင့် ကျောင်းသားများလည်း ပါဝင်နေသည်။
ရခိုင်ဒေသအတွင်း တစ်နေရာနှင့် တစ်နေရာ သွားလာရာတွင် ရေလမ်းနှင့် ကုန်းလမ်း နှစ်သွယ်လုံးကို အသုံးပြု ကြသော်လည်း တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကုန်းလမ်းမှ ခရီးသွားလာရန် အခက်အခဲများရှိသဖြင့် ရေကြောင်း ကို ပိုမို အသုံးပြုလာကြခြင်း ဖြစ်သည်။
ရခိုင်ပြည်သည် ကမ်းရိုးတန်းဒေသ ဖြစ်သည်နှင့်အညီ မိုးတွင်းကာလတွင် ရေကြီးခြင်း၊ လှိုင်းကြီးခြင်းနှင့် ရေစီး ကြမ်းခြင်းတို့ကြောင့် စက်လှေနစ်မြုပ်မှုများနှင့် နှစ်စဉ် ကြုံတွေ့နေရသည်။
ဝီရဌာနီ (ပေါက်တော) ဒေသခံ အမျိုးသားတစ်ဦးက “ဒီကာလမှာက ရေလမ်းနဲ့သွားရင် ပိုသတိထားသင့်တယ်။ သဘာဝဆိုတာခန့်မှန်းတွက်ဆလို့ မရဘူး။ ရခိုင်ဒေသရဲ့ မြစ်ချောင်းတွေက သိတဲ့အတိုင်းပဲ ရေစီးကြမ်းတယ်။ ဒီရေတိုးချိန် မိုးကြီး၊ လေထန်မှုနဲ့ ကြုံရင် ပိုပြီးသတိထားဖို့ လိုအပ်တယ်။ လုံခြုံမယ့် ချောင်းကြောင်း တစ်ခုခုမှာ ဝင်နားတာမျိုးပေါ့” ဟု ထောက်ပြသည်။
မိုးတွင်းကာလ ရခိုင်ဒေသအတွင်း ရေကြောင်းခရီးသွားလာရေးသည် အန္တရာယ်ကြီးမားသဖြင့် ပေါ့ဆမှုကြောင့် မလိုလားအပ်ဘဲ လူအသက် ဆုံးရှုံးရမှုများ မဖြစ်စေရန် အထူးသတိပြု သွားလာကြရန်လည်း ဒေသခံများက တိုက်တွန်းထားကြသည်။







