ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ် တို့မှ ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
တိုက်ပွဲပြင်းထန်မှုနှင့်အတူ စစ်အုပ်စုတပ်က လက်နက်ကြီး၊ လေကြောင်းနှင့် အတွဲလိုက်ဒုံးများဖြင့် ရမ်းသန်း ပစ်ခတ်နေသဖြင့် ကျေးရွာများအတွင်း လက်နက်ကြီးကျရောက်၍ ဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိလာနေ သည်။
ပုဏ္ဏားကျွန်းဒေသခံ အမျိုးသမီးတစ်ဦးက “ကွမ်းတောင်၊ ပဒေသာ၊ ယာချောင်း၊ ပုဏ္ဏားကျွန်မြို့ပေါ်တွေမှာ လည်း လက်နက်ကြီးတွေ ကျတာရှိတယ်။ ယာချောင်းဖက်မှာဆို ဒေသခံတွေ ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိ တယ်။ လက်နက်ကြီးကျတဲ့ ယာချောင်း၊ ရေဖြူကန်၊ ပုဏ္ဏားကျွန်းမြို့ပေါ် ဝင်နေသူတွေ ဘေးလွတ်ရာ ရွာတွေ ကို တိမ်းရှောင်မှုတွေ ပြုလုပ်နေကြရပြီ” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က ယာချောင်းကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ တံဘက်လှန်း၊ ယာချောင်း၊ အထည်သည်၊ ဆင်အင်းကြီး၊ ရေဖြူကန်၊ ချောင်းဝ ကျေးရွာများနှင့် ပုဏ္ဏားကျွန်းမြို့ပေါ်သို့ ခေတ္တဝင်ရောက် နေထိုင်သူများပါ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရ သည်။
အလားတူ ရသေ့တောင်မြို့နယ်ရှိ အောင်ဆိပ်၊ သံချောင်း၊ ကုလားချောင်း၊ အောင်မ၊ မကျည်းချောင်း၊ အငူမော်၊ ကြက်ရိုးဆိပ်နှင့် ဆာပြင်ကြီး ကျေးရွာများမှ ဒေသခံ ရာနှင့်ချီသည်လည်း စစ်အုပ်စုတပ်၏ လက်နက်ကြီး အန္တရာယ်ကြောင့် ထွက်ပြေးနေကြရသည်။
ရသေ့တောင်ဒေသခံ အမျိုးသားတစ်ဦးက “လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေက ရွာနီးနားက လယ်ကွင်း တွေမှာ ကျပြီးတော့ ပေါက်ကွဲတာတွေ ရှိတယ်။ မပေါက်ကွဲပဲ ကျန်နေတာမျိုးတွေလည်း ရှိတယ်။ အခုက လက်နက်ကြီး၊ လက်နက်ငယ်ပစ်သံတွေ ဆက်တိုက်ကြားနေရတော့ ရွာသားတွေက စိုးရိမ်ကြတာကြောင့် နီးစပ်ရာကျေးရွာတွေ၊ ဆွေမျိုးတွေရှိတဲ့ ကျေးရွာတွေကို စစ်ရှောင်နေကြတယ်“ ဟု ပြောသည်။
စစ်တွေနှင့် ပုဏ္ဏားကျွန်း နယ်စပ်၌ စက်တင်ဘာလ ၄ ရက်နေ့မှစ၍ ယနေ့အထိ စစ်အုပ်စုတပ်နှင့် အာရက္ခတပ် တော် (AA) တို့ကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။
စစ်တွေအခြေစိုက် တပ်ရင်း ၉ ခုနှင့် ရေတပ် စစ်သင်္ဘောများက လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ခတ်နေသဖြင့် ပုဏ္ဏားကျွန်းမြို့အနီး ကားလမ်းမတကြောကို အာရက္ခတပ်တော်က ယာယီ သွားလာခွင့် ပိတ်ပင်ထားသည်။
ပုဏ္ဏားကျွန်း ဒေသခံ အမျိုးသားတစ်ဦးက “တိုက်ပွဲက ဒီနေ့မနက်ပိုင်းအထိ ပြင်းထန်နေတုန်းပဲ။ ညကလည်း တစ်ညလုံး လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ လာပစ်တယ်။ လက်နက်ကြီးတွေက ကားလမ်းမတွေ၊ လမ်း မအနီးတွေမှာ ကျကွဲတာကြောင့် ဒီနေ့ မနက်ပိုင်းကတည်းက လမ်းတွေ ပိတ်ထားတယ်။ ဖြတ်သန်းသွားလာလို့ မရဘူး။ စစ်တပ်က အကုန်လုံး ရမ်းသန်းပစ်ခတ်နေတာ” ဟု ပြောသည်။
လက်ရှိတွင် စစ်အုပ်စုက လေကြောင်းနှင့် ရေကြောင်း အင်အားကို အဓိက အသုံးပြုကာ စစ်တွေနှင့် ကျောက်ဖြူ မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက်ဖန်တီးနေသလို၊ ရခိုင်တောင်ပိုင်း ဂွနှင့် သံတွဲမြို့နယ်တို့ဘက်မှလည်း ရေကြောင်းကတစ်ဆင့် ကမ်းတက်ရန် ကြိုးပမ်းလျက်ရှိသည်။







