ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရချိန်တွင် ရခိုင်ပြည်၏ သက်တမ်းရှည် တိုင်းရင်းသား သတင်းမီဒီယာများအနက် တစ်ခုဖြစ်သည့် နိရဉ္စရာသတင်းဌာနသည် စက်တင်ဘာ ၇ ရက်တွင် တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ်ကို ကျင်းပခဲ့သည်။
နိရဉ္စရာသတင်းဌာနကို ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ပြီးခဲ့သည့် ၂၅ နှစ်တာ ကာလအတွင်း ရခိုင်ပြည်သူများနှင့် သက်ဆိုင်သည့် နိုင်ငံရေး၊ လူမှုရေးနှင့် လူထုအရေးကိစ္စများကို သတင်းနှင့် သတင်းအချက်အလက်များအဖြစ် တင်ဆက်လာခဲ့သည်။
၎င်း၏ သတင်းမီဒီယာခရီးသည် စစ်အုပ်ချုပ်ရေးကာလများ၊ နိုင်ငံရေးအပြောင်းအလဲများနှင့် တစ်ကျော့ပြန် လက်နက်ကိုင်ပဋိပက္ခများကြား ဖြတ်သန်းလာခဲ့ရခြင်း ဖြစ်သည်။
နိရဉ္စရာ၏ သမိုင်းကြောင်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားသတင်းမီဒီယာများ၏ ဖွံ့ဖြိုးတိုးတက်မှုကို တစ်စိတ် တစ်ပိုင်း ထင်ဟပ်နေသည်။
၂၅ နှစ်ပြည့် အထိမ်းအမှတ် မှတ်တမ်းတွင် ယခင်က Arakan Post သတင်းစာ ထုတ်ဝေခဲ့မှုအပါအဝင် သတင်း လုပ်ငန်းများ တိုးချဲ့လာသည်နှင့်အမျှ အခြားတိုင်းရင်းသား သတင်းမီဒီယာများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက် ခဲ့မှုများကို ဖော်ပြထားသည်။
ယခု နိရဉ္စရာသတင်းဌာန၏ ၂၅ နှစ်ပြည့်အထိမ်းအမှတ်သည် မြန်မာနိုင်ငံအတွင်း လွတ်လပ်သော သတင်းမီဒီယာ များ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရချိန်တွင် ကျရောက်လာခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် သတင်းသမားများနှင့် သတင်းမီဒီယာအဖွဲ့အစည်းများသည် ပဋိပက္ခများ၊ သတင်းအချက်အလက်ရရှိရေး ကန့်သတ်ချက်များနှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကြားမှ ခက်ခဲစွာ တာဝန်ထမ်းဆောင်နေကြရသည်။
ရခိုင်ပြည်တွင်မူ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က နယ်မြေထိန်းချုပ်မှု တိုးချဲ့လာပြီး စစ်အုပ်စုတပ် ထိန်းချုပ်ထားဆဲ နေရာများအနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် နိုင်ငံရေးနှင့် စစ်ရေးအခင်းအကျင်းမှာ သိသိသာသာ ပြောင်းလဲလာနေသည်။
ဒေသတွင်း သတင်းရယူတင်ဆက်နေကြသည့် သတင်းသမားများသည် လက်နက်ကိုင်ပဋိပက္ခ၊ လေကြောင်း တိုက်ခိုက်မှု၊ ဆက်သွယ်ရေးအခက်အခဲ၊ နေရပ်စွန့်ခွာရမှုနှင့် အချို့ဒေသများသို့ သွားရောက်သတင်းရယူနိုင်ရေး ကန့်သတ်ချက်များကြား လုပ်ကိုင်နေကြရသည်။
တစ်ချိန်တည်းတွင် အုပ်ချုပ်ရေးပုံစံသစ်များ ပေါ်ပေါက်လာခြင်းနှင့်အတူ အုပ်ချုပ်ရေး၊ လူသားချင်းစာနာမှု ဆိုင် ရာ အခြေအနေများ၊ အရပ်သားကာကွယ်စောင့်ရှောက်ရေးနှင့် လူ့အခွင့်အရေးကိစ္စများကို လွတ်လပ်သော သတင်းမီဒီယာများက သတင်းရယူတင်ဆက်နိုင်ရေးသည်လည်း ပိုမိုအရေးပါလာသည်။
စစ်ပွဲနှင့် နိုင်ငံရေးအကူးအပြောင်းကာလများတွင် လွတ်လပ်သော သတင်းမီဒီယာ၏ အခန်းကဏ္ဍသည် အထူး အရေးပါပြီး ပြည်သူလူထုအနေဖြင့် ယုံကြည်စိတ်ချရသည့် သတင်းအချက်အလက်များ ရရှိနိုင်ရေးနှင့် အရပ် သားများအပေါ် သက်ရောက်နေသည့် အခြေအနေများကို မှတ်တမ်းတင်နိုင်ရန် ပရော်ဖက်ရှင်နယ် သတင်းမီဒီယာများအပေါ် မှီခိုနေရသည်။
ထို့ကြောင့် နိရဉ္စရာသတင်းဌာန၏ ၂၅ နှစ်ပြည့် ငွေရတုသည် သတင်းမီဒီယာအဖွဲ့အစည်းတစ်ခု၏ သမိုင်းမှတ် တိုင်တစ်ခုသာမက ရခိုင်ပြည်၏ အပြောင်းအလဲများ၊ ပဋိပက္ခများနှင့် ဒေသခံများ၏ ဘဝအခြေအနေများကို မှတ်တမ်းတင်ဖော်ပြရာတွင် တိုင်းရင်းသားမီဒီယာများက ဆက်လက်ထမ်းဆောင်နေသည့် အခန်းကဏ္ဍကို ထင်ဟပ်စေသည်။
ရခိုင်ပြည်၏ နိုင်ငံရေးအခင်းအကျင်း ဆက်လက်ပြောင်းလဲနေချိန်တွင် သတင်းသမားများ လွတ်လပ်ပြီး ဘေး ကင်းလုံခြုံစွာ သတင်းလုပ်ငန်း လုပ်ကိုင်နိုင်ရေးသည် ပြည်သူများ သတင်းအချက်အလက်ရရှိရေး၊ တာဝန်ခံမှု ရှိရေးနှင့် တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာရေးအတွက် အဓိကကျနေမည်ဖြစ်သည်။
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန







