ဖမ်းဆီးခံရမှု ၃ လပြည့်နေပြီဖြစ်သည့် ဆလိုင်းအောင်စိုးအား အမြန်ဆုံးလွှတ်ပေးရန်တောင်းဆို

ဖမ်းဆီးခံရမှု ၃ လပြည့်နေပြီဖြစ်သည့် ဆလိုင်းအောင်စိုးအား အမြန်ဆုံးလွှတ်ပေးရန်တောင်းဆို

Benezer – ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ချင်းလူငယ်တစ်ဦးဖြစ်သည့် ဆလိုင်းအောင်စိုးသည် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့၏ ဖမ်းဆီးခံခဲ့ရသည်မှာ အောက်တိုဘာလ ၂၉ ရက်နေ့က ၃ လတင်းတင်းပြည့်သွားပြီဖြစ်ကာ အမြန်ဆုံးပြန်လွှတ်ပေးရန် အရပ်ဘက်အဖွဲ့အစည်းနှင့် မိသားစုဝင်များက တောင်းဆိုလိုက်ကြသည်။

“ကျမတို့အနေနဲ့ ကိုအောင်စိုး အဖမ်းခံရမှုနဲ့ပတ်သတ်ပြီးတော့ ထုတ်ပြန်ချက်တွေလည်း အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သတ်ဆက်နွယ်မှုမရှိတဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးတာမျိုး ဆိုလို့ရှိရင် AA ဆိုလို့ရှိရင် International Humanitarian Law ရယ် Geneva Convention ရဲ့ စည်းကမ်းတွေကို လိုက်နာတယ်လို့ ကျမတို့သိထားတယ်၊ အဲဒါကြောင့် လက်နက်ကိုင်နဲ့မဆိုင်တဲ့ အရပ်သားပြည်သူကို ဖမ်းဆီးခြင်းသည် လုံးဝမသင့်တော်တဲ့ လုပ်ရပ်ဖြစ်တယ်၊ အဲဒါကြောင့် အမြန်ဆုံးလွှတ်ပေးစေချင်တယ်၊ မိသားစုဝင် တွေလည်း အရမ်းစိတ်ပူနေကြပြီ” ဟု ခူမီးချင်းမျိူးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC မှ မနန်းဝေက ပြောသည်။

ဆလိုင်းအောင်စိုးအပါအဝင် ချင်းလူငယ် (၄) ဦးတို့သည် ပြီးခဲ့သည့်ဇူလိုင်လ (၂၉) ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့အပြန် ငသရိုင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျန် (၃) ဉီးမှာ လွတ်မြောက်လာပြီဖြစ်သော်လည်း ဆလိုင်းအောင်စိုးမှာ ယနေ့အချိန် လွတ်မြောက်လာခြင်း မရှိသေးခြင်း ဖြစ်သည်။

ဆလိုင်းအောင်စိုးနဲ့အတူ အဖမ်းခံရသူ (၃) ဉီးမှာ လွတ်မြောက်လာပြီဖြစ်သဖြင့် ဆလိုင်းအောင်စိုး၏ စိတ်ပိုင်းဆိုင်ရာလည်း စိုးရိမ်စရာရှိနေပြီး AA တပ်ဖွဲ့အနေဖြင့် ဆလိုင်းအောင်စိုးနှင့်ပတ်သတ်သည့် အလုံးစုံတွင် တာဝန်ရှိကြောင်း မိုင်နန်းဝေ ကပြောသည်။

ဆလိုင်းအောင်စိုးဖမ်းဆီးခံရသည့်အပေါ် ယောက်ဖတော်ဆက်သူ ကိုရမ်နှင်းမှ “သူကကိုယ်ပိုင်စီးပွားရေးလေးလုပ်ပြီး အသက်မွေးတဲ့သူဖြစ်တယ်၊ လူငယ်ဖြစ်တော့ လူငယ်အဖွဲ့အစည်းတွေထဲပါတဲ့ဟာတော့ရှိရင်ရှိမှာပေါ့၊ ဒါပေမယ့် သူ့ကိုဖမ်းရတဲ့အကြောင်းကို လုံးဝနားမလည်ဘူး အိမ်မှာက သူ့မိဘတွေဘဲရှိတော့၊ အရမ်းစိတ်ပူကြတယ်၊ မောင်နှမတွေကလည်း အရမ်းဆိုးရိမ်ကြတယ်၊ သူကကျမ်းမာရေးကလည်းသိပ်ကောင်းတဲ့သူမဟုတ်ဘူး၊ အဲဒါကြောင့်အမြန်ဆုံးလွှတ်ပေးစေချင်တယ်” ဟု ပြောသည်။

KACC ၏ စာရင်းအရ ပလက်ဝမြို့နယ်တွင် ၂၀၁၅ ခုနှစ်မှ လက်ရှိအချိန်ထိ ရက္ခိုင့်တပ်တော် AA မှ ဖမ်းဆီးထားသည့် အရပ်သားအားလုံးပေါင်း ၁၀၅ ဉီးအထိရှိခဲ့ပြီး ၈၄ ဉီးမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကာ လက်ရှိတွင် လွတ်မြောက်ခြင်းမရှိသေးသူ ၂၂ ဉီးရှိကြောင်း သိရသည်။

May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...