ဖားကန့် စည်ပင် ဥက္ကဌ တင်မြောက်ရာတွင် တရားမျှတမှုမရှိကြောင်း ဝန်ကြီးချုပ်ထံ ကန့်ကွက်စာတင်

ဖားကန့် စည်ပင် ဥက္ကဌ တင်မြောက်ရာတွင် တရားမျှတမှုမရှိကြောင်း ဝန်ကြီးချုပ်ထံ ကန့်ကွက်စာတင်

ဖားကန့်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌအသစ်တင်မြောက်ရာတွင် တရားမျှတမှုမရှိသောကြောင့် ကန့်ကွက်ရှုံ့ချကြောင်း ဖားကန့်အရပ်ဖက်အဖွဲ့အစည်းများက ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အောက်တိုဘာ ၁၃ ရက်နေ့က တင်ပြထားသည်ဟု သိရသည်။

စည်ပင်သာယာရေးကော်မတီ ဥက္ကဌနေရာ အပြောင်းအလဲပြုလုပ်ရန် သြဂုတ်လ ၁၈ရက်နေ့ ဖားကန့်မြို့ပေါ် ၅ ရပ်ကွက်မှ သတ်မှတ်ထားသည့် အရည်အချင်းနှင့်ပြည်စုံသည့် ၈ဦးအား ရွေးချယ်ခဲ့ပြီး ၎င်းတို့ကို ရွေးချယ်ရေးကော်မတီများရှေ့၌ မဲခွဲဆုံးဖြတ်ခဲ့ရာ ဦးနော်ဆန့် ၃မဲ၊ ဦးမင်းမင်စိုးနှင့် ဦးမြင့်အေး ၂ဦးက တန်းတူ ၂မဲစီ ရရှိခဲ့ကြောင်း ရွေးချယ်ရေးကော်မတီအဖွဲ့ထံမှ သိရသည်။

မဲအများဆုံးရရှိသူ ဦးနော်ဆန့် က ဥက္ကဌရာထူးနေရာကို ဆက်ခံရမည် ဖြစ်သော်လည်း၊ ၂မဲ သာရရှိသော ဦးမင်းမင်းစိုးကို ဖားကန့် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ အဖြစ်ခန့်အပ်လိုက်သောကြောင့် ဒေသခံတစ်ချို့က ကန့်ကွက်နေကြောင်း ဖားကန့်ဒေသခံ ဦးလမောင်လတောင် က ယခုလိုပြောဆိုသည်။

“အခုသူတို့ရဲ့လုပ်ပုံက မဲများဆုံးရရှိသူကို ဥက္ကဌ မခန့်ဘဲ ၂မဲသာရရှိတဲ့သူကိုမှ ဥက္ကဌ ပြန်ခန့်လိုက်တယ် ဆိုတာက တရားမျှတမှုမရှိဘူဆိုတာ အရမ်းပေါ်လွင်နေတယ်ပေါ့။ အဲ့ဒါကို ဒီမှာရှိတဲ့ ဒေသခံတစ်ချို့က သဘောမတူဘဲ ကန့်ကွက်နေကြတယ်။ ၃မဲနဲ့နိုင်တဲ့ ဦးနော်ဆန့်ကို ဥက္ကဌ မခန့်အပ်တဲ့ ဖြေရှင်းချက်ကိုသိချင်တယ်” ဟု ပြော ဆိုသည်။

လက်ရှိ ဖားကန့်မြို့နယ်စည်ပင်ဥက္ကဌအဖြစ်ခန့်အပ်လိုက်သည့် ဦးမင်းမင်းစိုးမှာ NLD ပါတီဝင်တစ်ဦးဖြစ်သည့်အပြင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဖားကန့် မရှီကထောင်ရပ်ကွက် စည်းရုံးရေးမှူးဖြစ်သည်ဟုလည်း ဦးလမောင် လတောင်က ပြောဆိုသည်။

ဖားကန့်မြို့နယ် စည်ပင်ကော်မတီ ဥက္ကဌအဖြစ်ရွေးချယ်နိုင်ရန် ရွေးချယ်ရေးကော်မတီ၏ မဲရလဒ်နှင့်အမည်စာရင်းများကို ပြည်နယ်အစိုးရထံသို့တင်ပြခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့မှ ဦးမင်းမင်းစိုးကို ဥက္ကဌအဖြစ်ခန့်အပ်ရန်နှင့် ဦးနော်ဆန့်ကို အဖွဲ့ဝင်အဖြစ်သာ ပြန်လည်ခန့်အပ်ပေးလိုက်ခြင်းဖြစ်သည်ဟု ရွေးချယ်ရေးကော်မတီအဖွဲ့ တာဝန်ခံဦး Tangbau La Seng က ပြောသည်။

“သူရဲ့ ဥပဒေအရဆိုရင်တော့ မဲပိုများတဲ့သူကို ဥက္ကဌ ခန့်ရမှာတော့ဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့က ရွေးချယ်ပြီးစီးကြောင်းကို ပြည်နယ်အစိုးရကို တင်ပြခဲ့တယ်။ ပြည်နယ်အစိုးရကနေ ဘယ်လိုအချက်တွေနဲ့ ပြန်ပြီးစီစစ်လည်းတော့မသိဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ကိုယ်တိုင်လည်း ၃မဲနဲ့အနိုင်ရရှိတဲ့ ဦးနော်ဆန့်ကိုဘဲ ဥက္ကဌအဖြစ်ထင်ခဲ့တာ။ အခုက အဲ့လိုမဟုတ်ဘူး။ မဲများတဲ့ သူကိုကအဖွဲ့ဝင်စာရင်းထဲထည့်လိုက်တယ်။ ၂မဲသာရရှိတဲ့ သူကိုက ဥက္ကဌ ပြန်ခန့်တယ်ဆိုတာက ကျနော်တို့လည်း နားလည်ရခက်နေတယ်။ အဲ့လိုလုပ်လိုက်တော့ ဒေသခံတွေကြား အချင်းချင်းပြောစရာတွေဖြစ်လာတာပေါ့။ ဒါကြောင့် ပြည်နယ်အစိုးရကလည်း ဒါကိုသေသေချာချာ ဖြေရှင်းပေးသင့်တယ်” ဟု ပြောဆိုသည်။

မဲအများဆုံးရရှိသော ဦးနော်ဆန်ကို ဥက္ကဌနေရာမပေးဘဲ ၂ မဲရသော ဦးမင်းမင်းစိုးကို ဥက္ကဌ ခန့်သည့်ကိစ္စကို ဖားကန့်အရပ်ဖက်အဖွဲ့အစည်းတချို့က ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...