လုံခြုံမူရှိသည့် စစ်ဘေးရှောင်စခန်းများတွင် မဲရုံဖွင့်နိုင်ရန်စီစဉ်

လုံခြုံမူရှိသည့် စစ်ဘေးရှောင်စခန်းများတွင် မဲရုံဖွင့်နိုင်ရန်စီစဉ်

ခင်သရဖီဦး — လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်များ ဆန္ဒမဲပေးပိုင်ခွင့်ရရှိရန်အတွက် လုံခြုံမူရှိသည့် စစ်ဘေးရှောင်စခန်းများတွင် မဲရုံပြောင်းရွှေ့ ဖွင့်လှစ်နိုင်ရန်စီစဉ်လျက်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

အဆိုပါ မဲရုံများဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာကျေးရွာအလိုက် လူဦးရေစာရင်းပြုစုမှုများ ဆောင်ရွက် လျက်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့(ခွဲ)မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။

“ကျနော်တို့လုပ်ငန်းသဘောအရ မဲရုံက ရွာမှာလုပ်ဖို့လျာထားတယ်ပေါ့လေ။ ဒါပေမဲ့ အခုရွာမှာ လူလည်းမရှိ တော့ဘူး၊ အုပ်ချုပ်ရေးအဖွဲ့လည်းမရှိဘူး၊ ကော်မရှင်လည်း မရှိတော့ဘူးဆိုတော့ ရှိတဲ့နေရာကို ပြောင်းရွှေ့ဖို့ ကော်မရှင်ကို တင်ပြဖို့အတွက်လျာထားတယ်။ ဒါလည်း စာရင်းဇယားတွေ ဘာတွေလုပ်ခိုင်းထားပါတယ်” ဟု ၎င်းကဆိုသည်။

သို့သော်လည်း စစ်ဘေးရှောင်များမှာ တစ်နေရာတည်းတွင် အစုလိုက်နေထိုင်ခြင်းမဟုတ်ဘဲ ပြန့်ကြဲနေထိုင်နေကြရသည့်အတွက် စစ်ဘေးရှောင်များနေထိုင်သည့် စခန်းတိုင်းတွင် မဲရုံဖွင့်လှစ်ပေးနိုင်မည် မဟုတ်ကြောင်း ၎င်းကျေးရွာများမှ မဲဆန္ဒရှင်အများဆုံးနေထိုင်သည့် စစ်ဘေးရှောင်စခန်းများတွင်သာ မဲပေးနိုင်ရန် ပြောင်းရွှေ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဦးသူရိန်ထွဋ်က ပြောသည်။

“ကျနော်တို့က စစ်ဘေးရှောင်စခန်းအတွက်ဆိုပြီး စာရင်းတောင်းထားတာမရှိဘူးပေါ့လေနော်၊ ရွာတွေအတွက်ပဲ ရှိတယ်။ ဥပမာ-ကျောက်တန်းဆိုရင် ကျောက်တန်းပါဒလိတ်ဆိုရင် ပါဒလိတ်၊ ဒီလိုပဲတောင်းထားတာရှိတယ်။ ဆိုတော့ ကျောက်တန်းကတစ်ရွာလုံးက ရသေ့တောင်မြို့နယ်နားမှာ အဲဒီမှာပဲ တိုက်ပွဲရှောင်စခန်း လုပ်ထားတယ်ဆိုရင်တော့ တာဝန်ခံတဲ့လူရှိတယ်ဆိုရင်တော့ ကျနော်တို့က ကျောက်တန်းအတွက် လုပ်ထားတဲ့ မဲရုံကို အဲဒီတိုက်ပွဲရှောင်စခန်းမှာရွှေ့ပေးလိုက်မှာပေါ့” ဟု ၎င်းကရှင်းပြသည်။

ကျေးရွာပေါင်း (၁၁)ရွာမှ စစ်ဘေးရှောင်သုံးထောင်ကျော်ခန့်နေထိုင်သည့် မြောက်ဦးမြို့နယ် တိမ်ညို စစ်ဘေးရှောင်စခန်းတွင်မူ မဲစာရင်းကပ်ပေးခြင်းမရှိကြောင်း စခန်းတာဝန်ခံ ဦးဝေလှအောင်ကပြောသည်။

“ကျနော်တို့စခန်းမှာတော့ မဲစာရင်းကပ်တာမျိုးမရှိပါဘူး။ သူတို့ဘာကြောင့်မကပ်လဲဆိုတာမျိုးကိုလည်း မေးမြန်းတာမရှိဘူး။ သူတို့ထားပါအုံး၊ ကျွန်တော်တို့တိမ်ညိုရွာသားတွေကလည်း မဲစာရင်းကပ်ထားပေမဲ့လာကြည့်တာမျိုး အလွန်းနည်းပါတယ်” ဟု ဦးဝေလှအောင်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူဦးရေ ဆယ့်ခြောက်သိန်းလေးသောင်းကျော်ရှိနေပြီး စစ်ဘေးရှောင်အရေအတွက်မှာလည်း နှစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော်အထိရှိနေကြောင်း သိရသည်။

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...