မိုးညှင်းခရိုင်တွင် မသန်စွမ်းများ မဲပေးရန် မဲရုံပေါင်း ၁၄၀ ရှိ

မိုးညှင်းခရိုင်တွင် မသန်စွမ်းများ မဲပေးရန် မဲရုံပေါင်း ၁၄၀ ရှိ

ကချင်ပြည်နယ် မိုးညှင်းခရိုင်တွင် မသန်စွမ်းများမဲပေးမည့် မဲရုံပေါင်း ၁၄၀ ရုံရှိကြောင်း မိုးညှင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

မိုးညှင်းခရိုင်တွင် မြို့နယ် ၃ခုရှိပြီး စုစုပေါင်း မဲရုံ ၂၈၀ ရုံရှိသည့်အနက် မသန်စွမ်းများ မဲထည့်မည့် မဲရုံပေါင်း ၁၄၀ ရှိကြောင်း ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာရှိ ဦးမျိုးမင်းဦးက အတည်ပြုပြောဆိုသည်။

“ အခု မသန်စွမ်းတွေ မဲပေးမယ့် မဲရုံပေါင်းက ခရိုင်တစ်ခုလုံးမှာဆို ၁၄၀ ရှိတယ်။ ဒီထဲမှာ တစ်ချို့မဲရုံမှာကျတော့ ၁ယောက်ရှိတာပါမယ် ၂ယောက်ရှိတာရှိမယ်။ ပြန့်ကျဲနေတဲ့သဘောပါ။ မဲလာပေးမယ့်ချိန်မှာလည်း ကျနော်တို့အနေနဲ့ မသန်စွမ်းတဲသူတွေ မဲပေးမယ့်ချိန်မှာ လွယ်လွယ်ကူကူ မဲပေးနိုင်ဖို့အတွက် ကျနော်တို့ ဒီလ လကုန်ပိုင်းဆိုရင် မဲရုံမှူးတွေကို သင်တန်းပေးဖို့ရှိတယ်။ အဲဒီချိန်မှာလည်း မသန်စွမ်းမဲပေးခြင်းနဲ့ပတ်သက်တဲ့ ပညာပေးတာတွေပါ ထည့်သွင်းသင်ကြားပေးမှာဖြစ်ပါတယ်။” ဟု မိုးညှင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အရာရှိဦးမျိုးမင်းဦးက ပြောသည်။

နိုင်ငံတော်အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းကာ မသန်စွမ်းသူများ မဲထည့်နိုင်ရန်အတွက် လမ်းညွှန်သင်တန်းများကို ပြည်နယ်အတွင်း ခရိုင်အလိုက်၊ မြို့နယ်အလိုက် သင်ကြားပေးနေပြီ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သို့သော် မသန်စွမ်းသူများအနေဖြင့် ကပ်ရောဂါကာလဖြစ်နေသည့်အတွက် မဲပေးလမ်းညွှန်သင်ကြားများ ပို့ချရာတွင် အခက်ခဲရှိနေကြောင်း ကချင်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဌ ဦးဇုံးယော် က ယခုလိုပြောသည်။

“ဒီနှစ်ကတော့ မသန်စွမ်းတွေကို ရွေးကောက်ပွဲလမ်းညွှန် သင်ပေးဖို့နိုင်ငံတော်ကနေ ဘတ်ဂျတ်ချပေးပြီးတော့ သင်တန်းပေးခိုင်းတယ်လို့ ကျနော်တို့ဆီမှာ မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ်ကနေ ညွှန်ကြားစာရောက်လာတဲ့အတွက် ကျနော်တို့လည်း သင်တန်းတွေလုပ်နေပါတယ်။ ရောဂါကြောင့်မို့ လူတွေများများ စုလို့မရတာတွေကြောင့် သိပ်တော့အဆင်မပြေဘူး။ ခုလောလောဆယ်တော့ ဗန်းမော်ဘက်ပေးဖို့ စီစဉ်နေကြပါတယ်။ မကြာခင်မိုးညင်းခရိုင်သွားပေးဖို့လည်း ရှိပါတယ်။” ဟု ကချင်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဌ ဦးဇုံးယော်က ပြောသည်။

မသန်စွမ်းများကို ရွေးကောက်ပွဲလမ်းညွှန်သင်တန်းပေးခြင်းသည် ယခု ပထမအကြိမ်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

မသန်စွမ်းများ မဲစာရင်းကောက်ယူရာတွင် ဝီးချဲလ်သုံးသူ၊ ဂျိုင်းထောက်သုံးသူ၊ အခြားချို့ယွင်းသူများ အမျိုးအစားခွဲခြားထားသည်ဟုဆိုသည်။ မဲထည့်ခွင့်ရှိသူများမှာ မိုးညှင်းမြို့နယ်တွင် ၂၃၇ ဦး၊ မိုးကောင်းမြို့နယ် ၁၀၅ ဦးနှင့် ဖားကန့်မြို့နယ် ၁၄၂ ဦးရှိကြောင်း သိရသည်။

မဲထည့်လို့ရမည့် မဲဆန္ဒရှင်လူဦးရေ စုစုပေါင်း ၄၁၆၇၀၅ မဲရုံပေါင်း ၂၈၀ ရှိကာ လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်ထွေထွေရွေးကောက်ပွဲတွင် ၂၆၅၁၉၁ ရှိပြီး မဲရုံပေါင်း ၂၄၉ ရှိခဲ့ကြောင်း သက်ဆိုင်ရာမှ သိရသည်။

မိုးညှင်းခရိုင်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၂ ပါတီရှိကာ ဝင်ရောက်ယှဉ်ပြိုင်ထားသည့် ကိုယ်စားလှယ်လောင်းပေါင်း ၈၉ ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသည့် မသန်စွမ်း မဲဆန္ဒရှင်ဦးရေ ၈ ထောင် ကျော်ရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...