စစ်တွေ တောကန်အုပ်ချုပ်ရေးမှူးကို အကြမ်းဖက်ပုဒ်မဖြင့်ချုပ်ရမန်ယူပြီးနောက် ရဲစခန်းကနေ တပ်ထဲကိုခေါ်ယူသွားဟုဆို

စစ်တွေ တောကန်အုပ်ချုပ်ရေးမှူးကို အကြမ်းဖက်ပုဒ်မဖြင့်ချုပ်ရမန်ယူပြီးနောက် ရဲစခန်းကနေ တပ်ထဲကိုခေါ်ယူသွားဟုဆို

အိမ်စိုးဖြူ — စစ်တွေမြို့နယ်မှ ဖမ်းဆီးခံထားရသည့် တောကန်ကျေးရွာအုပ်ချုပ်ရေးမှူးကို ယမန်နေ့ အောက်တိုဘာ ၅ ရက်နေ့ ညနေ ၄ နာရီခန့်က စစ်တွေမြို့နယ်တရားရုံးတွင် အကြမ်းဖက်ပုဒ်မဖြင့် ရမန်ယူပြီးနောက် ရဲစခန်းကနေ စစ်တပ်မှ ထပ်မံခေါ်ဆောင်သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

တောကန်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းကျော်လှိုင်(၃၈)နှစ်ကို အောက်တိုဘာ(၃) ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခုမှ ခေါ်ဆောင်သွားခြင်းဖြစ်ကာ နောက်တစ်နေ့တွင် စစ်တွေမြို့အမှတ်(၂) နယ်မြေခံရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီးနောက် အောက်တိုဘာ ၅ ရက်နေ့တွင် တရားရုံးတွင် ရမန်ယူခဲ့သည်။

သူ၏ ယောက်ဖဖြစ်သူ ကိုကျော်သန်းက “ သူ့ကို မနေ့က မွန်းတည့်ချိန်မှာ အမှတ် ၂ ရဲစခန်းမှာ သွားတွေ့ခွင့် ရခဲ့တယ်။ ညနေ ၄ နာရီလောက်မှာ  ရမန်ယူတယ်။ အဲဒီကအပြန်စခန်းကနေ ငါးနာရီကျော်လောက်က အမှတ်  ၃၅၄ သလုံးတော်တပ်ရင်းက ခေါ်သွားတယ်လို့ ရဲစခန်းကပြောပါတယ်။ ရဲမှတ်တမ်းမှာမြင်တာက သူ့ကို ခေါ်သွားတာက ဗိုလ်မှူးတစ်ဦးအမည်ကို တွေ့မြင်ခဲ့ပါတယ်။ အကြမ်းဖက်ပုဒ်မ ၅ဝ(က)၊ ၅ဝ(ည)လို့ ရဲမှတ်တမ်းမှာ မြင်ခဲ့တယ်။ စိတ်ပူပေမယ့် သူ့မှာအပြစ်မရှိလို့ ဘာမှ လုပ်မယ်လို့တော့မထင်ပါဘူး” ဟုပြောသည်။

၎င်းအား လာမည့် အောက်တိုဘာ ၁၆ ရက်နေ့တွင် ထပ်မံ ရုံးထုတ်မည်ဟု ကြားသိရကြောင်း ကိုကျော်သန်းက ဆက်ပြောသည်။

၎င်းအမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် ရက္ခိုင့်ရှေ့နေများကောင်စီ(ALC)အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အထက်တန်းရှေ့နေကိုဇော်ဇော်မင်းက “ရမန်ယူပြီး ရဲလက်ထဲကနေ တပ်က ပြန်ခေါ် သွားတာက သင့်တော်မှု မရှိဘူးလေ။ အကြိမ်ကြိမ်စစ်ဆေးပြီးမှ ချုပ်ရမန်ယူတာလေ။ လုပ်ထုံး လုပ်နည်း မကျဘူး” ဟုပြောသည်။

၎င်းတောကန်ကျေးရွာအုပ်ချုပ်ရေးမှူးဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ စစ်တွေမြို့ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး (၆ဝ)ခန့်က စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အောက်တိုဘာ ၄ ရက်နေ့က တွေ့ဆုံကာ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမှတ်(၂)နယ်မြေခံရဲစခန်းမှ စခန်းမှူးနှင့် စစ်တွေမြို့နယ်ရဲမှူးတို့အား ဆက်သွယ်ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။

စစ်တွေမြို့နယ်တွင်  အေအေနှင့် ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် အုပ်ချုပ်ရေးမှူးတစ်ဦး ဖမ်းဆီးခံရခြင်းသည် ပထမဆုံးဖြစ်ကြောင်း သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...