အာရက္ခ (ရခိုင်) ပြည်၊ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းတစ်လျှောက်တွင် မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းပြီး ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့သည့်အတွက် မိုးသီးနှံ စိုက်ပျိုးထားသည့် တောင်သူများ ထိခိုက်ပျက်စီး ဆုံးရှုံးမှု များနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် အသီးအကင်းများ ထွက်နေသည့် စိုက်ခင်း အများအပြား ပျက်စီးခဲ့ရသဖြင့် မိုးသီးနှံ စိုက်ပျိုးသူများ ထိခိုက်မှု များပြားကြောင်း တောင်သူများက ပြောသည်။
“ကျွန်းမှာဒီနှစ်က ပဲတောင့်ရှည်၊ ငရုတ်၊ ခရမ်း၊ ရုံးပတီစိုက်တာ။ ပြီးခဲ့တဲ့လက ရေတက်တော့ အကုန်အသီး အကင်းလေးတွေနဲ့ သေကုန်တယ်။ ကုန်းမြင့်က လူတွေလောက်ပဲ နည်းနည်းကျန်တာ။ ရေနစ်ကုန်တော့ ပြန် စိုက် ရတာပေါ့။ နဂိုကမှ အရင်းကြီးတာလေ။ နှစ်ခါကုန်ပေါ့။ ကိုယ်မှမဟုတ် တော်တော်များများ ဘဝတူတွေ လည်း ရှိပါတယ်” ဟု မြောက်ဦးမြို့နယ်၊ ဂုဏ်ကျွန်းကျေးရွာမှ ဒေါ်ခင်အေးရွှေက ပြောသည်။
လေးမြို့ချောင်းတစ်လျှောက်တွင် ကိုင်းစိုက်ပျိုးသူ အများအပြား ရေကြီးမှုကြောင့် ငွေကျပ် သိန်းဆယ်ချီမှ သိန်းရာချီအထိ ပျက်စီးဆုံးရှုံးမှုများ ရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
ယခုနှစ်တွင် မိုးများသည့်အတွက် မိုးသီးနှံ စိုက်ပျိုးသူ နည်းပါးသော်လည်း စိုက်ပျိုးထားသူများမှာ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း မြောက်ဦးမြို့နယ်၊ ကွမ်းတောင်ကျေးရွာမှ ဒေသခံတစ်ဦးကလည်း ပြောသည်။
“လေးမြို့ချောင်း တလျှောက်လုံးက ကိုင်းလုပ်တဲ့ လူတွေ တော်တော်များများ ထိပါတယ်။ တော်သေးတာက ဒီနှစ်မိုးများလို့ မိုးသီးနှံကို လူတိုင်းမလုပ်ကြဘူး။ လုပ်တဲ့ လူတွေကံဆိုးတာပေါ့။ ကျနော်ဆို ကွမ်းစိုက်တာ။ အခု နောက်တခေါက် ပြန်စိုက်နိုင်ဖို့ မလွယ်တော့ဘူး။”
အာရက္ခပြည်တွင် ဇွန်လကုန်ပိုင်းကတည်းက မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းနေသည့်အတွက် ကုလားတန် မြစ်နှင့် လေးမြို့မြစ်အပြင် ချောင်းငယ်များတွင်ပါ ရေမြင့်တက်လာပြီး စိုက်ပျိုးမြေများ ရေနစ်မြုပ်ခဲ့ရသည်။
မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များရှိ လေးမြို့မြစ်ဝဲယာ ကျေးရွာများ၊ မင်းပြားမြို့နယ်၊ ဖုံသာချောင်း တစ်လျှောက်ရှိ ကျေးရွာများနှင့် ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်၏ ချောင်းလက်တက်များ ဖြစ်သည့် သရီချောင်းနှင့် ယိုးချောင်းတစ်ဝိုက်တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး နေအိမ်များနှင့် စစ်ဘေးရှောင်စခန်းများ ရေနစ်မြုပ်ခဲ့ရသည်။
ရက်ရှည် မိုးကြီးမှုကြောင့် ပျိုးစပါးခင်းများအပြင် စိုက်ပျိုးပြီး စပါးခင်းများပါ ပျက်စီးနိုင်ပြီး လယ်ဧက ထောင်ချီ ထိခိုက်နိုင်ကြောင်း ဒေသခံ လယ်သမားများက ခန့်မှန်းထားကြသည်။
စပါးခင်းများနှင့် မိုးသီးနှံစိုက်ခင်းများ ပျက်စီးမှုကြောင့် လာမည့်ကာလတွင် ဒေသတွင်း ကုန်ဈေးနှုန်း ကြီးမြင့်မှု နှင့် စားနပ်ရိက္ခာ အခက်အခဲများ ဖြစ်ပေါ်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။
အာရက္ခပြည်တွင် ပြီးခဲ့သည့်နှစ်ကလည်း မိုးလယ်နှင့် မိုးနှောင်းကာလများအတွင်း ရေကြီးမှုများ ဖြစ်ပွားခဲ့ပြီး မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော် စသည့် မြို့နယ်များ၌ သီးနှံစိုက်ခင်းများနှင့် စပါးခင်းဧက ထောင်နှင့်ချီ ပျက်စီးခဲ့ဖူးသည်။
(ဓာတ်ပုံ - Crd)







