ဖမ်းဆီးခံထားရသည့် တောကန်အုပ်ချုပ်ရေးမှူးအား ပြန်လွှတ်ပေးရန် စစ်တွေမြို့နယ် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၆ဝ ခန့် တောင်းဆို

ဖမ်းဆီးခံထားရသည့် တောကန်အုပ်ချုပ်ရေးမှူးအား ပြန်လွှတ်ပေးရန် စစ်တွေမြို့နယ် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၆ဝ ခန့် တောင်းဆို

ထွန်းခိုင် — ဖမ်းဆီးခံထားရသည့် တောကန်ကျေးရွာအုပ်ချုပ်ရေးမှူးအား ပြန်လွှတ်ပေးရန် စစ်တွေမြို့နယ် ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများက အောက်တိုဘာလ ၄ ရက်နေ့ နံနက်က တောင်းဆိုလိုက်သည်။

စစ်တွေမြို့နယ်အတွင်းရှိ ရပ်/ ကျေးအုပ်ချုပ်ရေးမှူး ၆ဝ ခန့်သည် စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်ရှိသော စုပေါင်းရုံး၌ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံပြီး တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

စစ်တွေမြို့နယ်၊ ငတောက်တက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက “ တောကန်ကျေးရွာအုပ်ချုပ်ရေးမှူးကို မနေ့က တပ်မတော်က ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတွေက မြို့နယ် အုပ်ချုပ်ရေးမှူးဆီကိုလာပြီး  ကျနော်တို့လိုချင်တဲ့အတိုင်းအတာကို တင်ပြတာဖြစ်တယ်။ ကျနော်တို့က တောကန်အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး အကျိုးအကြောင်း ဆီလျော်စွာ ကျနော်တို့က တစ်စုံတစ်ရာမှ မသိရဘူး။ အဲကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့က သူကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာ တစ်ချက်ရယ်၊ နောက် အပြစ်မရှိဘူးဆိုရင်လည်း မိသားစုဆီကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကျနော်တို့က တောင်းဆိုခဲ့ပါတယ် ” ဟုပြောသည်။

စစ်တွေမြို့နယ်၊ တောကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းကျော်လှိုင် အသက် (၃၈) နှစ်အား အောက်တိုဘာ ၃ ရက် နေ့လယ် ၁ နာရီအချိန်ခန့်က တပ်မတော်စစ်ကြောင်းတစ်ခုမှ ခေါ်ဆောင်သွားပြီး  ယနေ့အချိန်ထိ သူနှင့် အဆက်အသွယ်ပြတ်တောက်နေပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားမှန်း မသိကြောင်း ၎င်းက ပြောဆိုသည်။

၎င်းပြင် ထိုသို့ ဖမ်းဆီးထားခြင်းကို စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးအားလည်း တပ်ဘက်က တစ်စုံတစ်ရာ အကြောင်းကြားလာခြင်း မရှိသေးကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

စစ်တွေမြို့မိ၊ မြို့ဖ တစ်ယောက်ဖြစ်သူ ဦးအောင်သန်းဝေက ရပ်/ကျေးအုပ်ချုပ်ရေးမှူးဆိုသည်မှာ အောက်ခြေအဆင့် အစိုးရဖြစ်ပြီး ယခုလိုမျိုးဖမ်းဆီးခြင်းမှာ ဥပဒေနှင့်မညီကြောင်းနှင့် အပြစ်ရှိလျှင်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးသင့်ကြောင်း ပြောဆိုသည်။

“ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာ အောက်ခြေအဆင့် အစိုးရဖြစ်တယ်။ ရပ်/ကျေး အုပ်ချုပ်ရေးမှူး တစ်ဦးက ဥပဒေအရ လွှဲမှားစွာ ပြုမူနေတယ်ဆိုလို့ရှိရင် သူကိုဖမ်းဆီးဖို့အတွက် မြို့နယ်အုပ်ချုပ်မှူးဆီက ခွင့်ပြုချက်ယူရမယ်။ ဒါက ပထမအချက်ဖြစ်တယ်။ အခုဖမ်းဆီးမှူးနှင့် ပတ်သက်ပြီး ကျနော်မြို့နယ် အုပ်ချုပ်ရေးမှူးကို မေးကြည့်တဲ့အခါ အခုဖမ်းဆီးတာနဲ့ပတ်သက်လို့ သူ့ဆီကို အကြောင်းကြားတာမရှိဘူး။ မိသားစုဝင်တွေ ဖုန်းဆက်လာမှ သူ့သိရတာလို့ ပြောတယ်။” ဟုပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးအား အကြောင်းကြားခြင်းမရှိဘဲ ဖမ်းဆီးခြင်းမှာ တရားမဲ့ပြုကျင့်ခြင်းဖြစ်ပြီး ယခုလိုမျိုးလုပ်ရပ်ကြောင့် တခြားမြို့နယ်အုပ်ချုပ်ရေးမှူးများကလည်း သူတို့အတွက် တရားဥပဒေ စိုးမိုးမှုကင်းမဲ့နေသည်ဟု ခံစားနေရကြောင်း ၎င်းက ဆက်ပြောသည်။

ရခိုင်အမျိုးသားပါတီ၏ မူဝါဒရေးရာ ကော်မတီဝင်လည်းဖြစ်၊ စစ်တွေမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းလည်းဖြစ်သော ဦးထွန်းအောင်ကျော်က အပြစ်ရှိလျှင် ဥပဒေအရ အရေးယူသင့်ကြောင်းနှင့် အပြစ်မရှိလျှင်လည်း ဥပဒေအရပြန်လွှတ်ပေးသင့်ကြောင်း ပြောဆိုခဲ့သည်။

“ ကျနော်တို့နိုင်ငံဟာ တည်ဆဲဥပဒေကို အတိအကျ ပြဋ္ဌာန်းပြီးတော့မှ ဥပဒေနဲ့ အညီ ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ အဲတွက် မည်သူမဆို နိုင်ငံသားအခွင့်အရေးကို ရရှိရမှာ ဖြစ်တယ်။ တစ်စုံတစ်ရာ မသင်္ကာလို့ ဖမ်းရင်လည်း ဥပဒေနဲ့အညီ စစ်ဆေးပြီးတော့မှ အပြစ်မရှိရင် ချက်ချင်းပြန်လွှတ်ပေးရမှာဖြစ်တယ်။ အခုကျတော့ နာရီပေါင်း မြောက်များစွာ ဥပဒေနဲ့မညီဘဲ ထိန်းသိမ်းထားတာဖြစ်တယ် ” ဟုပြောသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးအား မေးမြန်းရန် သတင်းထောက်များက ကြိုးစားခဲ့သော်လည်း မေးမြန်းခွင့်မရရှိခဲ့ပါ။

ရခိုင်ပြည်နယ်အတွင်း ယခုလိုမျိုးရပ်ကျေးအုပ်ချုပ်ရေးမှူးများ ဖမ်းဆီးခံရမှုကြောင့် ပြီးခဲ့သော ၂ဝ၁၉ ခုနှစ်အတွင်းကလည်း မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်အုပ်ချုပ်ရေးများ စုပေါင်းပြီး နုတ်ထွက်စာတင်ခဲ့သလို ၂ဝ၂ဝ ခုနှစ် ဇွန်လအတွင်းကလည်း မြေပုံမြို့နယ်တွင် ရပ်/ ကျေးအုပ်ချုပ်ရေးမှူး ၃ ဦးဖမ်းဆီးခံရပြီးနောက် ကျန်ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက နုတ်ထွက်စာတင်ခဲ့ကြသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...