Salai Shing Mang — ပလက်ဝမြို့နယ်တွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများ မတူပီဘက်မှပို့သည့် မဲရုံသုံးပစ္စည်း (၄)မျိုးရောက်ရှိပြီဖြစ်သော်လည်း စစ်တွေဘက်မှ ပို့သည့် ပစ္စည်းများယခုချိန်ထိမရောက်ရှိနိုင်သေးဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်ထံမှ သိရသည်။
“ပလက်ဝမှာတော့ မဲရုံသုံးပစ္စည်း၄မျိုးကတော့ ပလက်ဝရယ် ဆမီးရယ် နောက်မတူပီနဲ့ နီးတဲ့နေရာတွေ မတူပီနဲ့နီးတဲ့အုပ်စုတွေကတော့ မတူပီမှာရောက်ပြီ၊ နဂိုရွေးကောက်ပွဲတုန်းကတော့ ပလက်ဝမှာ အားလုံးပုံတယ်လေ။ အခုကတော့ အခြေနေတစ်ခုအရ မတူပီနဲ့နီးတဲ့ ပလက်ဝမြို့နယ်ထဲက အုပ်စုတွေအတွက်ဆိုရင် မတူပီမှာထားတယ်၊ဆမီးရဲ့အောက်ခြမ်းမှာရှိတဲ့ ကျေးရွာအုပ်စုတွေအတွက်ဆိုရင် ဆမီးမှာထားတယ်၊ ပလက်ဝနဲ့ ပလက်ဝပတ်ဝန်းကျင်နဲ့အထက်ပေါ့ အဲကအုပ်စုတွေအတွက်ဆိုရင် ပလက်ဝကိုပို့တယ်၊အဲတာကတော့ ပစ္စည်း(၄)မျိုးကတော့ ရောက်ပြီပေါ့၊ ကျန်တဲ့ပစ္စည်းတွေက တော့ စစ်တွေမှာပဲရှိနေပါသေးတယ်၊” ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်မှပြောသည်။
မတူပီဘက်မှ ပစ္စည်းများသည် စက်တင်ဘာလ(၁၅)ရက် မတိုင်ခင်တွင် ရောက်ရှိပြီဖြစ်ပြီး ကျန်သည့်ပစ္စည်းများကို ယခုလ အောက်တိုဘာလ တတိယအပတ်တွင် ရောက်ရှိနိုင်အောင်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းလည်းသိရသည်။
ဦးလင်းကျော်မှ ဆက်ပြီး “အခုရောက်တဲ့ပစ္စည်းတွေကတော့ မဲပုံးတွေပါတယ်၊နောက်ပြီးတော့ အဓိကအရေးကြီးတဲ့ အမှတ်တုံးတံဆိပ်ရယ်၊မဲပုံးရယ်နောက်ပြီးတော့ စတစ်ကာတွေရယ်၊စတစ်ကာတော့ ရပ်ကျေးတို့ မဲရုံကိုယ်စားလှယ်တွေအတွက် စတစ်ကာတွေပေါ့၊” ဟုပြောသည်။
လက်ရှိချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်သည် မဲဆန္ဒနယ်အများဆုံးမြို့နယ်ဖြစ်ပြီး လူဦးရေအများဆုံးနှင့် ဒေသအကျယ်အဝန်းသည်လည်း ချင်းပြည်နယ်တွင် အကျယ်ပြန့်ဆုံးဖြစ်သည်။







