ချင်းပါတီ CNLD ကို မဲပေးထောက်ခံကြရန် ချင်းလူငယ်ကွန်ယက်တောင်းဆို

ချင်းပါတီ CNLD ကို မဲပေးထောက်ခံကြရန် ချင်းလူငယ်ကွန်ယက်တောင်းဆို

လားနွန် – ချင်းလူထုများ၏နစ်နာမှုများနှင့် နိုင်ငံရေးရပိုင်ခွင့်များပြန်လည်ရယူဖော်ဆောင်နိုင်ရန်အတွက် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီကို မဲပေးထောက်ခံကြရန် ချင်းလူငယ်များကွန်ယက်အဖွဲ့က စက်တင်ဘာလ ၂၈ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

ချင်းလူငယ်များကွန်ယက်အဖွဲ့မှ ဗဟိုကော်မတီဝင် Salai Mon Bio က မိမိတို့လိုချင်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် ချင်းကံကြမ္မာ ချင်းတွေကဖန်တီးခွင့်ကို CNLD ပါတီကသာကိုယ်စားပြုဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်သည့်အတွက် ယခုကဲ့သို့တောင်းဆိုရခြင်းဖြစ်သည်ဟု ခိုနူမ်းသုန်ကိုပြောသည်။

“ကျနော်တို့ နိုင်ငံရေးအပြောင်းအလဲကာလမှာ အဓိက ကျနော်တို့ ချင်းတွေအဓိကလိုချင်တဲ့ နိုင်ငံရေးအကြွေးက အခုထိကိုအကောင်အထည်မဖော်ဆောင်နိုင်သေးဘူး။ ကျနော်တို့လိုချင်တာက ပင်လုံစာချုပ်မှာပါတဲ့ ကတိကဝတ်တွေကိုအကောင်အထည်ဖော်ဖို့နဲ့ ချင်းအပါအဝင် တိုင်းရင်းသားများလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုမတည်ဆောက်နိုင်ဘူး။ အဲဒါကိုတည်ဆောက်ဖို့ရန်က ကျနော်တို့ပြည်မအခြေပြု ဗမာပါတီကြီး နှစ်ခုဖြစ်တဲ့ USDP နဲ့ NLD ကို မဲပေးလာခဲ့တယ်၊ သူတို့သက်တမ်းတစ်ကြိမ်စီယူခဲ့ပြီပြီ ကျနော်တို့လိုချင်တာ သူတို့အကောင်အထည်မဖော်နိုင်ဘူးဆိုတာ ကျနော်တို့ မြင်ခဲ့ပြီးပြီ။ အဲဒါကြောင့် ကျနော်တို့ရဲ့ စစ်မှန်သောအခွင့်အရေး စစ်မှန်သောနိုင်ငံရေးကို ကျနော်တို့ချင်းပါတီ လက်ရှိသုံးပါတီပေါင်းလိုက်တဲ့ CNLD ကသာလုပ်ပေးနိုင်မယ် ယုံကြည်ချက်နဲ့ ပြည်သူတွေကို CNLD ကိုမဲပေးဖို့ တိုက်တွန်းရခြင်းဖြစ်တယ်။ CNLD ကို ကျနော်တို့ မဲပေးရခြင်းဟာ ချင်းတွေကိုကိုယ်စားပြုနိုင်တယ်။ နောက်တစ်ခု ကျနော်တို့လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ချင်းကံကြမ္မာကို ချင်းတွေက ဖန်တီးခွင့်ကို CNLD ကသာ ကိုယ်စားပြုဖော်ဆောင်ပေးနိုင်မယ်လို့ယုံကြည်တယ် အဲဒါကြောင့်တောင်းဆိုရခြင်းဖြစ်တယ်” ဟု Salai Mon Boi ကပြောသည်။

ချင်းတိုင်းရင်းသားများအနေဖြင့် နိုင်ငံရေးအပြောင်းအလဲအတွက် ပြည်မပါတီကြီးများကို မဲပေးထောက်ခံခဲ့ကြသော်လည်း လူမျိုးတမျိုး ဘာသာတခုကိုသာ အခွင့်ထူးပေးထားသော မျိုးစောင့်ဥပဒေများပြဌာန်းခြင်း၊ ချင်းလူမျိုးများနှင့် အခြားတိုင်းရင်းသားများ၏ ရိုးရာဓလေ့မြေယာပိုင်ဆိုင်မူများအား ဆန့်ကျင်သည့် မြေယာဥပဒေများကို တိုင်းရင်းသားများ ကန့်ကွက်သည့်ကြားမှ ပြဌာန်းခြင်း၊ ချင်းလူမျိုးများနှင့် အခြားတိုင်းရင်းသားတို့၏ သဘောထားများ ဆန့်ကျင်ကန့်ကွက်သည့်ကြားမှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုများကို အတင်းအဓမ္မ စိုက်ထူရန် ကြိုးပမ်းလုပ်ဆောင်ခြင်း၊ စစ်ဘေးရှောင် ပြည်သူများအတွက် လုံလောက်သော အထောက်အပံ့များ မရှိနေခြင်းများအပြင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းတို့ကို ကြုံတွေ့နေရဆဲဖြစ်သည် ချင်းလူငယ်များကွန်ယက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တိုင်းရင်းသားလူမျိုးများ လိုလားသောတန်းတူရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေး၊ ကိုယ်ပိုင်ပြဌာန်း ခွင့်တို့ကို အခြေခံသောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် စစ်မှန်သောကိုယ်စားပြုမှုကိုပေးနိုင်သည့်ပါတီသည် တိုင်းရင်းသားနိုင်ငံရေးပါတီများသာဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် မိမိတို့ ချင်းဘိုးဘေးများ၏ ပိုင်နက်နယ်မြေများကို ကာကွယ်ရန်၊ ချင်းတို့၏ အချုပ်အခြာအာဏာများ ပြန်လည်ရရှိရန်၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အခြေခံသောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် သွားရန်အလို့ငှါ ချင်းတမျိုးသားလုံးအနေဖြင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ကို တခဲနက် မဲပေး ထောက်ခံကြပါရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်ဟု အဆိုပါထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြထားသည်။

ချင်းလူငယ်များကွန်ယက်သည် ၂၀၁၂ ခုနှစ်မှ စတင်ပြီး ချင်းအမျိူးသားရေး၊ ချင်းလူမျိူးများ၏ ရပိုင်ခွင့်များ၊ ချင်းလူငယ်များအခွင့်အရေးတို့ကို အခြေခံလှုပ်ရှားဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။

Most read this week

December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...