ချင်းပြည်နယ်တွင်တာဝန်ကျရာကျေးရွာများရှိမဲရုံများသို့သွားရောက်ကြမည့်ကျောင်းဆရာ/ဆရာမများအနေဖြင့်အခက်အခဲများစွာရှိ

ချင်းပြည်နယ်တွင်တာဝန်ကျရာကျေးရွာများရှိမဲရုံများသို့သွားရောက်ကြမည့်ကျောင်းဆရာ/ဆရာမများအနေဖြင့်အခက်အခဲများစွာရှိ

အထွေထွေရွေးကောက်ပွဲအတွက်ချင်းပြည်နယ်တောင်ပေါ်ဒေသတွင်တာဝန်ကျရာကျေးရွာများရှိမဲရုံများသို့သွားရောက်ကြမည့် ကျောင်းဆရာ/ဆရာမများအနေုဖြင့်အခက်အခဲများစွာရှိနေကြောင်းသိရသည်။

ဖလမ်းမြို့နယ် ဗန်ဗား အ.လ.က ကျောင်းဆရာမ ဒေါ်ဝေဝေတင်က “ကျောင်းဖက်ကလည်း အောက်တိုဘာလ (၁) ရက်နေ့ ရောက်ရမယ်လို့ ပြောတယ် အထက်ကနေ အမိန့်စာနဲ့ ဖြစ်တဲ့အတွက် မလာရင်လည်း ကိုယ့်ဘာသာ ဖြေရှင်းလို့ပြောတယ်။ ကလေးတွေနဲ့ဆိုတော့ အန္တရယ်များတယ် လူလွတ်ဆိုရင်တော်သေးတယ်။ ကလေးနဲ့ဆိုတော့ အခုလိုမျိုးကာလမှာ လုံးဝအဆင်မပြေဘူး။ ကားတွေကလည်း မရှိဘူး။ အောက်တိုဘာလ (၁)ရက်နေ့ ရောက်ပြီးတော့ Quarantine ကို (၂၁)ရက် ကိုယ့်အိမ်ယာမှာ နေရမယ်ပေါ့ အဲလိုမျိုးပြောတယ်” ဟု ဆိုသည်။

ကိုဗစ်ကာလတွင် မိမိတာဝန်ကျခဲ့သည့် ကျောင်းများတွင် မဲရုံနှင့်ပတ်သက်ပြီး တာဝန်ယူကြရမည်မှာများစွာ အခက်အခဲနှင့် စိုးရိမ်မှု ရှိကြောင်း ဖလမ်းမြို့နယ် စီငိုင်ရွာ အ.လ.က ကျောင်းမှ ဆရာမ ဒေါ်ဆွီးဇုံပါရ်ကပြောသည်။

ဆရာမ ဒေါ်ဆွီးဇုံပါရ်က “အခုလို ကျောင်းဖတ်ကို လာရမယ်ဆိုတော့ ဒီလိုကာလမျိုးမှာ ကျောင်းဖက်ကလည်း ခေါ်တယ်ဆိုတော့ သွားဖို့ကလည်း အဆင်မပြေဘူး။ နောက်ပြီး မြေပြန့်ဖက်ကလာရင် ဒေသခံ ရွာသားတွေကလည်း ကြောက်ကြတယ်။ ဖြစ်နိုင်ရင် တာဝန်ကျရွာကို မသွားခိုင်းဘဲ လက်ရှိနေထိုင်တဲ့ ရွာမှာဘဲ မဲရုံကိစ္စ တာဝန်ယူထမ်းဆောင်ရင် ပိုအဆင်ပြေတယ်” ဟု ပြောသည်။

ကိုဗစ်ကာလတွင် ချင်းပြည်နယ်ဖက်သို့ မဲရုံကိစ္စနှင့် ပက်သက်ပြီး တာဝန်ထမ်းဆောင်မည့် ကျောင်းဆရာ/ ဆရာမများတွက် ပြည်နယ်ပညာရေးမှူးရုံး၊ ပြည်နယ် ကိုဗစ်ကာကွယ်ရေးကော်မတီများနှင့် ဆွေးနွေးတိုင်ပင်မှုများလုပ်နေကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးလင်းကျော်က ပြောသည်။

ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးလင်းကျော်က “ကျတော်တို့နှစ်ပိုင်းခွဲပြီး စဉ်းစားပါတယ်။ ပြည်နယ်ပညာရေးမှူးရုံးကနေ အောက်တိုဘာ(၁) ရက်နေ့ ခေါ်တာရှိတော့ ဒီလိုကာလမှာ ကန့်သက်ချက်တွေကို တော့ ဆရာ/ဆရာမတွေဖက်ကတော့ အခက်အခဲတော့ ကြုံရမှာဘဲ။ ကြုံရတဲ့အခါမှာလည်း ဖြေလျော့နိုင်ဖို့ ပြည်နယ်အဆင့် ကိုဗစ်ကာကွယ်ရေး ကော်မတီ လမ်းညွှန်ချက်က ဘာရှိမလဲ မသိရသေးဘူး။ အစည်းအဝေးမှာတော့ထည့်သွင်း ဆွေးနွေးထားတယ်။ နောက်ဆုံး မဖြစ်မနေ လာပြီးတာဝန်ထမ်းဆောင်ဖို့ ခက်ခဲတဲ့ ဆရာ/ဆရာမတွေ ရှိရင် ဒီဖက်မှာရှိတဲ့ မဲစာရင်းမှာ ပါတဲ့သူအများက လေးစားယုံကြည်တဲ့သူ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ အမျိုးမတော်တဲ့ မဲစာရင်းမှာပါတဲ့ သူတွေကို တာဝန်ပေးနိုင်ဖို့ကို လျာထားတာတွေရှိတယ်” ဟုပြောသည်။

ချင်းပြည်နယ်တောင်ပေါ်ဒေသဖက်တွင် ကျောင်းဆရာ/ဆရာမတာဝန်ထမ်းဆောင်သည့်အများစုမှာ မြေပြန့်ဒေသမှ အများစုဖြစ်ပြီး ကိုဗစ်ကာလတွင် ခရီးသွား စသည့် ကန့်သက်ချက်များစွာရှိသည့်တွက် တာဝန်ကျဒေသဖက်သို့ သွားရောက်ရန် အခက်ခဲများစွာရှိကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...