ကယားတွင် NLD နှင့် ကယားပါတီတို့ လူအင်အားရာချီဖြင့် အပြိုင်မဲဆွယ်

ကယားတွင် NLD နှင့် ကယားပါတီတို့ လူအင်အားရာချီဖြင့် အပြိုင်မဲဆွယ်

နော်ဒွေးအယ်ခူ — ကယားပြည်နယ်မှာ လက်ရှိအနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နဲ့ ပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ(KySDP)၊ ကယန်းအမျိုးသားပါတီ(KNP)တို့က မဲဆွယ်စည်းရုံးမှုဟာ အပြိုင်ပြုလုပ်လျက်ရှိကြတယ်လို့ သိရပါတယ်။

ကယားပြည်နယ်မှာ စက်တင်ဘာ ၂၅ ရက်တစ်ရက်တည်း NLD ပါတီကို ထောက်ခံအားပေးကြတဲ့ အင်အားစုတွေက လွိုင်ကော်မြို့တွင်းမှာ မဲဆွယ်လှည့်လည်ခဲ့ကြပြီး KySDP နဲ့ KNPကို ဝန်းရံထောက်ခံသူတွေကလည်း ဒီမော့ဆိုမြို့နယ်အတွင်း လှည့်လည်ကာ ၎င်းတို့အနေနဲ့ ဝန်းရံသူအင်အားရာနဲ့ ချီပြီးမဲဆွယ်နေကြပါတယ်။

ကိုဗစ်ကာလ ကျန်းမာရေးကန့်သတ်ချက်တွေရှိနေပေမယ့်လည်း NLD အနေနဲ့ ကယားမှာ ဝန်းရံထောက်ခံသူများတာကို ပြလိုတဲ့အတွက် ယခုလို လူအင်အားအလုံးအရင်းဖြင့် စည်းကမ်းတကျ မဲဆွယ်လှည့်လည်ခြင်းဖြစ်တယ်လို့ လွိုင်ကော်မြို့ NLD ပါတီ အောင်နိုင်ရေးဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးခွန်ဇော်ဇော်ထွေးက ပြောပါတယ်။

“လွိုင်ကော်မြို့တွင်း လုပ်တဲ့ပွဲဆိုတော့လေ လူတွေကစိတ်ဝင်စားပါတယ်။ အားပေးချင်တဲ့သူတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကိုဗစ်ရှိနေတော့ အများကြီးစဉ်းစားပါတယ်။ မြန်မာနိုင်ငမှာ ကိုဗစ်လူနာဦးရေကလည်း တိုးနေတယ်။ ဒီပွဲကိုလုပ်ဖို့မလုပ်ဖို့ တော်တော်စဉ်းစားပါတယ်။ ဒါပေမဲ့ ကယားပြည်နယ်က ကိုဗစ်ကင်းတဲ့ နယ်မြေလည်းဖြစ်တယ်။ ကျတော်တို့ စည်းကမ်းချက်တွေ လိုက်နာပြီးသွားမယ်ဆိုပြီး ဝန်းရံတဲ့သူတွေ အများကြီးရှိတယ်ဆိုတဲ့အတွက် အင်အားပြမဲဆွယ်တာပါ” လို့ ဦးခွန်းဇော်ဇော်ထွေးက ပြောပါတယ်။

KySDP နဲ့ KNP ကို ဝန်းရံကြတဲ့ ကရင်နီလူငယ်အင်အားစုတွေကလည်း ကရင်နီပြည် လူမျိုးစု လူငယ်နှီးနှောဖလှယ်ပွဲကနေ ချမှတ်ထားတဲ့ မူဝါဒအတိုင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီကို ဝန်းရံသွားမယ်လို့ ဆုံးဖြတ်ချက်ထားတဲ့အတွက် လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ခူးရီးရယ်ကပြောပါတယ်။

“ပြည်နယ်အခြေစိုက်ပါတီက ကိုယ်စားလှယ်လောင်းတွေက အရည်အချင်းပြည့်မီတဲ့သူတွေဖြစ်တယ်။ ပြည်နယ်ရဲ့လိုအပ်ချက် လိုလားချက်တွေကို အသိဆုံးဖြစ်တဲ့အတွက် လက်တွေ့အကောင်အထည် အဖော်နိုင်ဆုံးသူတွေဆိုတာ ကျတော်တို့ ပြည်သူလူထုကိုချပြခြင်းလို့ လှည့်လည်ခြင်းကမ်ပိန်းကို လုပ်ဆောင်ရခြင်းဖြစ်တယ်” လို့ ၎င်းကပြောပါတယ်။

NLD ပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကယားပြည်နယ်ရှိ မြို့နယ်ခုနစ်မြို့နယ်အတွင်း မဲဆန္ဒနယ် ၃၄ နေရာလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကယားရှိ မဲဆန္ဒနယ်အများအပြားမှာ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိထားတဲ့ ပါတီဖြစ်ပါတယ်။

ပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ပြီးတဲ့ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ၊ ကယားလူမျိုးစု ဒီမိုကရက်တစ်ပါတီနဲ့ ပူးပေါင်းခဲ့တဲ့ ပါတီဖြစ်ပါတယ်။

၎င်းပါတီဟာ ကယန်းအမျိုးသားပါတီ (KNP) နဲ့ မဟာမိတ်ဖွဲ့ထားပြီး မဲဆန္ဒနယ် ၃၄ နေရာအနက် KySDP မှ မဲဆန္ဒနယ် ၃၀၊ KNP မှ မဲဆန္ဒနယ် ၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

ကယားပြည်နယ်အတွင်း NLD ပါတီကနေ အခုလို အင်းအားအလုံးအရင်းနဲ့ မဲဆွယ်လှည့်လှည်စည်းရုံးမှုဟာ စက်တင်ဘာလအတွင်း လေးကြိမ်မြောက်ဖြစ်ပြီး KySDP ကလည်း စက်တင်ဘာလအတွင်း၌ အင်အားအလုံးအရင်းဖြင့် လှည့်လည်မဲဆွယ်ခြင်းကို မြို့တွင်းနှင့် ကျေးလက်ဒေသကို အဓိကထားပြုလုပ်လျက်ရှိပြီး နှစ်ပါတီလုံးအနေနဲ့ အင်အားပြမဲဆွယ်မှုတွေကို ဆက်လက်ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ နှစ်ဖက်အောင်နိုင်ရေးဦးဆောင်သူတွေက ပြောကြပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးကူးစက်မှု မြင့်တက်နေတဲ့အတွက် အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ လူစုလူဝေးနဲ့ မဲဆွယ်မှုအပေါ် ဝေဖန်ခံမှုတွေ ကြုံတွေ့နေရပေမယ့်လည်း ကယားပြည်နယ်က ကိုဗစ်ကင်းစင်တဲ့ ပြည်နယ်ဖြစ်တဲ့နည်းတူ လူစုလူဝေးနဲ့ မဲဆွယ်မှုအားလက်ရှိအချိန်အထိ ဝေဖန်ပြောကြားမှုတွေ မရှိသေးဘူးလို့ သိရပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...