ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တဲ့ စွမ်းအင်ကဏ္ဍကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထည့်သွင်းဆွေးနွေးရန်လိုဟုဆို

ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တဲ့ စွမ်းအင်ကဏ္ဍကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထည့်သွင်းဆွေးနွေးရန်လိုဟုဆို

ခွန်းကလိုင်းဖရီး — ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွေမှာ စွမ်းအင်ကဏ္ဍကို ဆွေးနွေးဖို့ ခေါင်းစဉ်အတိအကျ ချမှတ်ထားခြင်းမရှိပေမယ့် ဒါဟာ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထည့်သွင်း ဆွေးနွေးသင့်တယ်လို့ တိုင်းရင်းသားလူမျိုးရေးရာစင်တာ(ENAC)ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ ပညာမွန်က ပြောပါတယ်။

“အခု အကြီးစားစီမံကိန်းတွေရှိတဲ့နေရာက လက်နက်ကိုင်ပဋိပက္ခဖြစ်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့် အကယ်၍ ဒီစီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်ဆိုရင် ဒါက လက်နက်ကိုင်ပဋိပက္ခဖြစ်နိုင်တယ်။ ဒါအတွက် ကြောင့်ပဲ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒီကိစ္စတွေကို ဆွေးနွေးပြီးမှသာ ဒီစီမံကိန်းတွေကို လုပ်ဆောင်သွားဖို့ လိုတာပေါ့နော်။ အကယ်၍ ဘာမှ သဘောတူညီချက်မရပဲနဲ့ ဒီစီမံကိန်းတွေကို ဆက်လက်ပြီး လုပ်ဆောင်သွား မယ်ဆိုရင် ခုဏက ပြောသလို ကျနော်တို့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တာပေါ့နော်။”

ဒီပြောဆိုချက်ကို စက်တင်ဘာ ၂၂ ရက်နေ့က အွန်လိုင်းပေါ်မှာ ပြုလုပ်ခဲ့တဲ့ “စိန်ခေါ်မှုမြင့်မားနေသည့် မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်ထားသော စွမ်းအင်စီမံခန့်ခွဲမှုပုံစံ”နဲ့ ပတ်သက်တဲ့ သုတေသနစာတမ်းမိတ်ဆက်ပွဲမှာ ပြောဆိုခဲ့တာပါ။

၎င်းက အဆိုပါ စွမ်းအင်ကဏ္ဍကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဆွေနွေးနေတဲ့ မြေယာနှင့် သဘာဝ သယံဇာတခေါင်းစဉ်အောက်မှာ ဆွေးနွေးအဖြေရှင်သင့်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဆိုင်ရာစီမံကိန်းတွေဟာ နိုင်ငံအတွင်းရှိ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ များစွာ ဆက်နွယ်နေပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးအပေါ် သက်ရောက်မှုတွေရှိနေတယ်လို့ ၎င်းတို့ရဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ့စွမ်းအင်ပင်မ စီမံချက်အရ အကောင်အထည်ဖော်တည်ဆောက်သွားမယ့် အကြီးစားရေအားလျှပ်စစ် စက်ရုံအများစုရဲ့ တည်နေရာတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်နယ်မြေ (သို့) လှုပ်ရှားတဲ့ နယ်မြေတွေမှာ တည်ရှိနေတာပါ။

သာဓကအားဖြင့် ရေအားလျှပ်စစ်စက်ရုံ (၁၀) ခုထက်မက ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေမှာ ရှိနေသလို ရွာသစ်ဆည်ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ နယ်မြေမှာ လည်းကောင်း၊ ဟတ်ကြီးရေကာတာဟာ ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေမှာ ရှိနေပြီးတော့ မိုင်တုံဆည် ဆိုရင်လည်း SSPP နဲ့ RCSS တို့ရဲ့ နယ်မြေတွေမှာ တည်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ကမ်းရိုးတမ်းကနေ တရုတ်နိုင်ငံ၊ ယူနန်မြို့ကို ဖောက်လုပ်ထားတဲ့ ရွှေဂက်စ်သဘာဝဓါတ်ငွေ့ ပိုက်လိုင်းဆိုရင်လည်း ကချင်လွတ်လပ်ရေးအဖွဲ့တပ်မတော် KIA၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA, မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDA၊ ရက္ခိုင့်တပ်တော် AA၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ အခြားဒေသတွင်း ပြည်သူ့စစ်တွေရဲ့ လှုပ်ရှာနယ်မြေတွေမှာ တည်ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ကယား(ကရင်နီ)ပြည်နယ်မှာ လျှပ်စစ်ဓါတ်အား မီဂ္ဂါဝပ် ၄၀၀၀ ကျော်ထုတ်လုပ်ဖို့ရည်ရွယ်ထားတဲ့ ရွာသစ်ရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး ၂၀၁၂ ခုနှစ်မှာ အစိုးရနဲ့ KNPP တို့အကြား Bilateral Ceasefire Agreement (နှစ်ဘက်အကြား အပစ်အခတ်ရပ်စဲရေး သဘောတညီချက်) ထဲမှာ သဘောတူညီချက်တစ်ခု အနေနဲ့ အကြီးစားစီမံကိန်းလုပ်ငန်းတွေကို ပြည်နယ်အတွင်းမှာ ဒေသတည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှု မရှိသေးရင် ရပ်တန့်ထားဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။

ဒီသဘောတူညီချက်အရ သုံးလအတွင်း အရပ်ဖက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ သတင်းမီဒီယာ တွေက ဒေသခံတွေနဲ့ တွေ့ဆုံမေးမြန်းဖို့နဲ့ ကွင်းဆင်းလေ့လာခဲ့တယ်လို့ ကရင်နီအမျိးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ ဒုဥက္ကဌ ခူးဦးရယ်က အဆိုပါ သုတေသနအစီရင်ခံစာ မိတ်ဆက်ပွဲမှာ ပြောဆိုပါတယ်။

“တကယ်တမ်း ကွင်းဆင်းတဲ့ အခါမှာ ဘာဖြစ်နေသလဲဆိုတော့ ကျနော်တို့ ဒေသခံလူထုတွေက မသိဘူး။ ဘာဆိုဘာမှ မသိဘူး။ သတင်းအချက်အလက်တွေ မရှိဘူးပေါ့နော်။ ဆိုလိုတာက ပွင့်လင်းမြင်သာမှု မရှိတဲ့ အနေအထားမျိုးလို့ ပြောလို့ရတယ်။”

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဟာ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (NCA) မှာ လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

အလားတူ မြန်မာနိုင်ငံမှာ တည်ဆောက်မယ့် အကြီးစားစီမံကိန်းတွေဟာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွား နိုင်ခြေများတဲ့ နယ်မြေတွေမှာ တည်ရှိနေတာကြောင့် ငြိမ်းချမ်းရေးမရှိရင် စီမံကိန်းတွေကို အကောင်အထည် ဖော်ဖို့ မဖြစ်နိုင်ဘူးလို့လည်း အစီရင်ခံစာက ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ စွမ်းအင်စီမံအုပ်ချုပ်မှုဟာ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်နေခြင်းထက် နိုင်ငံအတွင်း နှစ် ၇၀ နီးပါဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို ပိုပြီး သက်ဆိုးရှည်ရေးကိုသာ ဦးတည်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်တဲ့ လျှပ်စစ်နဲ့ စွမ်းအင် စီမံကိန်းတွေကို ရေးဆွဲချမှတ်အကောင် အထည်ဖော်သင့်တယ်လို့ အစီခံစာက ဆိုပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...