တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ မင်းပြားတွင် မသင်္ကာဖွယ်ရာလူ ၅ ဦးဖမ်းမိဟုသတင်းထုတ်ပြန်

တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ မင်းပြားတွင် မသင်္ကာဖွယ်ရာလူ ၅ ဦးဖမ်းမိဟုသတင်းထုတ်ပြန်

ထွန်းခိုင် — တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ စက်တင်ဘာ ၁၅ ရက်နေ့ နေ့စွဲဖြင့် မင်းပြားမြို့တွင် မသင်္ကာဖွယ်ရာ လူ ၅ ဦးကို ဖမ်းဆီးမိကြောင်း သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်ထဲတွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင် ၂ ဦးအား စက်တင်ဘာ ၁ဝ ရက်တွင် ပစ်ခတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည်သတင်းအရ မင်းပြားမြို့နယ် အလယ်ပိုင်း ရပ်ကွက်တွင် ကင်းပုန်းဝပ်စောင့်ဆိုင်းစဉ် စက်တင်ဘာ ၁၁ ရက် နံနက် ၁ နာရီခန့်၌ မသင်္ကာဖွယ် မင်းပြားမြို့နေ ဦးတင်သိန်း (ဘ) ဦးကျော်သာလှ၊ ဦးဟန်သိန်း (ဘ)ဦးအောင်ထွန်းခိုင်၊ မောင်နိုင်ဦး (ဘ) ဦးမောင်ဖြူချေ၊ မောင်သန်းဝေ (ဘ)ဦးငတိုချေနှင့် မောင်ညီညီထွန်း (ဘ) ဦးထွန်းတို့အား ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြသည်။

မင်းပြားမြို့နယ်အတွင်း ည ၉ နာရီမှ နောက်တစ်နေ့ နံနက် ၆ နာရီထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ အား ထုတ်ပြန်ထားရှိပြီး ဖြစ်ရာ အဆိုပါ ၅ ဦးသည်  လိုက်နာရန်ပျက်ကွက်သဖြင့် ဒေသန္တရအမိန့် လိုက်နာရန် ပျက်ကွက်မှု ပုဒ်မ ၁၈၈ ဖြင့် မင်းပြားမြို့နယ် ရဲစခန်း၌ အမှုဖွင့်အရေးယူသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

မင်းပြားမြို့ အလယ်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းရွှေက “ ကျွန်တော်က ရပ်ကွက်ကတော့ မဟုတ်ဘူး။ ကျွန်တော်ရပ်ကွက်က လူတွေကို ဖမ်းရင် ကျွန်တော်သိရမှာပေါ့။ အခုအချိန်ထိ ကျွန်တော်တို့ အလယ်ပိုင်း ရပ်ကွက်မှာ လူဖမ်းဆီးခံရတာကို မကြားမိဘူး။ တကယ်လို့ ကျွန်တော်ရဲ့ ရပ်ကွက်က ဖမ်းတယ်ဆိုရင်လည်း ကျွန်တော်ကို ခေါ်မယ်။ အသိပေးမယ်။ ရဲနဲ့ ကျွန်တော်နဲ့ ရင်းနှီးနေတာဘဲ” ဟု ပြောကြားသည်။

တပ်မတော်ထုတ်ပြန်ချက်တွင် ရေးသားထားသော အမည်များမှာလည်း အလယ်ပိုင်းရပ်ကွက်တွင် မရှိကြောင်း၊ တစ်ခြားနေရာကသာ ဖြစ်နိုင်ကြောင်း၊  အဆိုပါ လူ ၅ ဦးဖမ်းဆီးထားမှုနှင့် ပတ်သက်ပြီး နေ့လယ်ပိုင်းတွင် ရဲစခန်းသို့ သွားရောက် စုံစမ်းမေးကြည့်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဒေသန္တရအမိန့် လိုက်နာရန်ပျက်ကွက်မှု ပုဒ်မ ၁၈၈ ဖြင့် မင်းပြားမြို့နယ် ရဲစခန်း၌ အမှုဖွင့်အရေးယူသွားမည်ဟု ဖော်ပြထားသဖြင့် မင်းပြားမြို့မရဲစခန်းမှ စခန်းမှူး ဦးအောင်လှိုင်တင်အား ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက  “ စခန်းမှာ ထိန်းသိမ်းထားတဲ့ လူတွေတော့ ရှိပါတယ် ခင်ဗျား။ ကျနော်က အဲလောက်ဘဲ ပြောလို့ရမှာ။ ကျန်တဲ့ဟာတွေကို ပြည်နယ် ရဲရုံးကိုဘဲ မေးပေးပါ။ ကျနော်တို့ သတင်းထုတ်ပြန်ပေးလို့ မရပါဘူး ခင်ဗျား” ဟု ပြောသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်သို့ ဆက်သွယ်ရာ ၎င်းက “ အဆိုပါ အဖမ်းအဆီး သတင်းကို သူမကြားရသေးကြောင်း၊ အကယ်၍ အဖမ်းအဆီးရှိလျှင်လည်း သူ့ဆီကို အကြောင်းကြားနေကျဖြစ်ကြောင်း၊ ယခု အဖမ်းအဆီးကို သတင်းမကြားရသေးကြောင်း” ပြောကြားသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...