သွေး(စစ်ကိုင်း) — ကိုဗစ်-19 ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ ရောဂါကိုလည်း ကြောက်နေရသလို တိုက်ပွဲတွေကြောင့် ထိတ်လန့်တကြား ထွက်ပြေးတိမ်းရှောင်နေရတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ထဲမှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသားတွေ ပါဝင်နေပါတယ်။ ရောဂါကူးစက်မှု နှုန်းက ပိုမိုမြန်ဆန်လာနေတဲ့ အတွက် စစ်ဘေးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ တွေ နေထိုင်နေရတဲ့ စခန်းတွေမှာ ရောဂါကြိုတင်ကာကွယ်နိုင်မယ့် အစီစဉ်တွေ အပူတပြင်း လိုအပ်နေပါတယ်။
ချင်းပြည်နယ်မှာ ကိုဗစ်-19 ရောဂါ ကူးစက်ခံနေရသူတွေ ရှိနေသလို ဒုတိယလှိုင်းပုံစံ ဖြစ်နေတဲ့အတွက် စိုးရိမ်နေကြတာ သဘာဝကျပါတယ်။ များသောအားဖြင့် ပလက်ဝနဲ့ ဆမီးမြို့တွေမှာ နေထိုင်နေကြတဲ့ တိုင်းရင်းသားတွေဟာ တောင်ယာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းရတာဖြစ်ပါတယ်။ တိုက်ပွဲတေွ ဖြစ်ပွားနေတဲ့အတွက်ကြောင့် တောင်ယာမသွားနိုင်တဲ့သူတွေ ရှိနေတာကြောင့် စားနပ်ရိက္ခာအခက်ကြုံနေရတာ စိတ်မကောင်းစရာပါ။ တောင်ယာလုပ်ငန်းခွင်ဆီ မသွားနိုင်တာက လုံခြုံရေးအရ သူတို့အတွက် အာမခံချက် မရှိလို့ ဖြစ်ပါတယ်။ အခုလို အချိန်မှာ ဒေသလံတွေရဲ့ စားနပ်ရိက္ခာ ဖူလုံရေးအတွက် အစိုးရဘက်က ပိုမိုကူညီသင့်ပါတယ်။
ကိုဗစ်-19 ပိုးတွေ့လူနာတွေကို တီးတိန်၊ ဟားခါးဆေးရုံတွေမှာ ကုသမှုပေးခဲ့ပါတယ်။ အခုချိန်ထိ ချင်းပြည်နယ်မှာ ပိုးတွေ့ လူနာပေါင်း ၂၀ ဝန်းကျင်ထိ ရှိနေပါပြီ။ အိန္ဒိယနိုင်ငံနဲ့ ချင်းပြည်နယ်ဟာ နယ်နိမိတ် ထိစပ်နေတာဖြစ်သလို လက်ရှိ ကာလအထိ အိန္ဒိယမှာ ပိုးတွေ့သူပေါင်း ၄ သန်းနီးပါးအထိ ရှိနေတာကြောင့် အိန္ဒိယကနေ ချင်းပြည်နယ်ထဲကို တရားမဝင်လာရောက်သူတွေ မရှိအောင် အထူးကြပ်မတ်ရမှာပါ။
ဩဂုတ်လလယ်က စ,ပြီး ရခိုင်ပြည်နယ်မှာ ကိုဗစ်ပိုးတွေ့ရှိသူတွေ အရေအတွက် များပြားလာခဲ့တာကြောင့် ချင်းပြည်နယ်မှာလည်း ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ကြားက ကုန်းလမ်းနဲ့ ရေကြောင်းလမ်းတွေကိုပါ ပိတ်ဆို့ထားခဲ့ပါတယ်။ ဆမီးမြို့မှာလည်း မြို့အဝင်အထွက်တွေမှာ စစ်ဆေးရေး ဂိတ်တွေ ထးပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ကိုဗစ်-19 တွေ့ရှိသူတွေ များပြား လာချိန်မှာ ကျောက်တော်မြို့နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်ဟာ ရေကြောင်းကနေ သွားလာနိုင်တာကြောင့် ရောဂါပိုးကူးစက်လမ်းသဖွယ်မဖြစ်စေဖို့ သတိပြုစောင့်ကြပ် တားဆီးရမှာပါ။
ဩဂုတ် ၂၆ ရက်နေ့က စ,ပြီး တစ်ကျော့ပြန် ကိုဗစ်-19 ရောဂါဖြစ်ပွားမှုကြောင့် ချင်းပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးက အထက်တန်းကျောင်းတွေကိုပါ ပြန်ပိတ်ထားရပါတယ်။ တစ်ဖက်ကလည်း ကိုဗစ်-19 နဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်တွေ ပြည့်ပြည့်ဝဝ ရရှိရေးမှာ အင်တာနက်အမြန်နှုန်းနှေးကွေးနေတာက အဟန့်အတားကြီး တစ်ခု ဖြစ်နေဆဲ ပါ။ တကယ်လို့ အင်တာနက် အမြန်နှုန်းသာ ပိုမိုကောင်းမွန်လာခဲ့ရင် ကိုဗစ်-19 နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ ပိုပြီး သိရှိခွင့် ရနိုင်မှာ ဖြစ်သလို ကြိုတင်ကာကွယ်နိုင်ရေးလည်း လုပ်ဆောင်နိုင်မှာပါ။ နောက်ပြီး သတင်းအချက်အလက် အမှန်တွေနဲ့ အသိပညာပေး လုပ်ဆောင်ရာမှာလည်း ပိုမိုထိထိရောက်ရောက် စီစဉ်လုပ်ဆောင် ပေးနိုင်မှာလည်း ဖြစ်ပါတယ်။
နောက်ထပ် သတိပြုရမယ့် အချက်က ကပ်ရောဂါဖြစ်ပွားမှု မြန်မာနိုင်ငံ တစ်ဝှမ်းများပြားလာချိန်မှာ တိုက်ပွဲတွေ ရပ်တန့်နိုင်ရေးပါပဲ။ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေရင် ကိုဗစ်-19 ထိန်းချုပ်ရေးမှာသာမက ရွေးကောက်ပွဲ အတွက်ပါ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ ပလက်ဝမြို့နယ်ထဲက ပြည်သူတွေဟာ လက်နက်ကိုင်အဖွဲ့တွေကြား ကြားညပ်နေခံ နေရပြီး အဖမ်းခံရတဲ့ ချင်းလူငယ်တွေထဲက တချို့ကို AA အဖွဲ့က ပြန်လွှတ်မပေးသေးပါဘူး။
နည်းနည်းလေး စိတ်ဖြေစရာလို့ ဆိုနိုင်တဲ့ အချက်က ချင်းပြည်နယ်ဟာ တခြားပြည်နယ်နဲ့ တိုင်းတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ကိုဗစ်-19 ဖြစ်ပွားမှု နည်းပါးနေဆဲ အခြေအနေပါ။ တီးတိန်ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေရတဲ့ ကိုဗစ်-19 လူနာ နှစ်ယောက်ဟာ စက်တင်ဘာ ၅ ရက်နေ့က ဆေးရုံဆင်းခွင့်ရခဲ့ပါပြီ။ ကျန်တဲ့ ကိုဗစ်-19 လူနာ နှစ်ယောက်ဟာ လည်း တီးတိန်ဆေးရုံမှာပဲ ဆက်လက်ကုသမှု ခံယူနေပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့ အထိ တီးတိန်၊ တွန်းဇံ၊ ထန်တလန်၊ မင်းတပ်နဲ့ ဟားခါးမြို့နယ်တွေမှာ ကိုဗစ်-19 လူနာ ၁၈ ယောက်တွေ့ရှိထားပါတယ်။
ချင်းပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ပြည်နယ်တစ်ခု ဖြစ်ပေမဲ့ ကိုဗစ်-19 ရောဂါထိန်းချုပ်ရေး အစွမ်းရှိသရွေ့ လုပ်ဆောင်နေတာဟာ ချီးကျူးရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ချင်းပြည်နယ်ရဲ့ ပထဝီဝင် အနေအထားက အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတာကြောင့် တော်တော်လေး သတိထားရမယ့် အနေအထား ဖြစ်လို့ပါပဲ။
ဒါပေမဲ့ ချင်းပြည်နယ်က ပြည်သူတွေ အနေနဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ စည်းကမ်းရှိမှုနဲ့ ကိုဗစ်-19 ရောဂါ မကူးစက်ရေး လမ်းညွှန်ချက်တွေကို လိုက်နာတဲ့ အတွက် အခြေအနေကောင်းမွန်နေတာ လို့ သုံးသပ်ရပါတယ်။
ရွေးကောက်ပွဲ နီးလာတာနဲ့ အမျှ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေဟာ စက်တင်ဘာ ၈ ရက်နေ့က စ,ပြီး တရားဝင် မဲဆွယ် စည်းရုံးခွင့် ရရှိခဲ့ပါပြီ။ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကလည်း ကိုဗစ်-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီတွေ အနေနဲ့လည်း ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက်တွေ အတိုင်းပဲ မဲဆွယ်နေတာ တွေ့ရပါတယ်။ အခုလို အချိန်မှာ ပြည်သူတွေရဲ့ ကျန်းမာရေးကသာ ပထမဦးစားပေး ဖြစ်သင့်တယ် မဟုတ်လား။
ရွေးကောက်ပွဲ ဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်းကိစ္စတွေနဲ့ ပတ်သက်ပြီး လူတစ်ဦးနဲ့ တစ်ဦး ရှေ့၊ နောက်၊ ဝဲ၊ ယာတွေမျာ အနည်းဆုံး ၆ ပေစီ အကွာထားပြီး နေရာချထားဖို့၊ လေဝင်လေထွက် ကောင်းတဲ့ နေရာတွေ မှာသာ အသုံးပြုဖို့၊ စုဝေးဟောပြောရာမှာ လူဦးရေ ၅၀ ထက် မပိုဖို့ ညွှန်ကြားထားပါတယ်။ အရေးကြီးတာက တိုက်ပွဲတွေ ရပ်တန့်သွားဖို့နဲ့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေ နေထိုင်နေရတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ကိုဗစ်-19 ကူးစက်မှု မခံရစေရေးပဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ နေထိုင်နေနေကြတဲ့ ချင်းတိုင်းရင်းသားတွေကြားမှာလည်း ရောဂါနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတေွ ရှိနေကြပါတယ်။ အမ်းမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရန်ကုန်တိုင်းဒေသကြီးထဲကို တိမ်းရှောင်လာခဲ့ရတဲ့ ချင်းတိုင်းရင်းသား အိမ်ထောင်စု ၅၀ အတွက်လည်း လုံခြုံမှုရှိရေး ထည့်သွင်းစဉ်းစားရမှာပါ။ ဒီအိမ်ထောင်စု ၅၀ အတွက် လိုအပ်တဲ့ အကူအညီတွေ ပေးရမှာ ဖြစ်သလို ကိုဗစ်-19 ကာကွယ်ရေး အတွက်လည်း ဆပ်ပြာ၊ Mask တွေ အလုံအလောက် ရရှိအောင် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။
ဒါအပြင် ကိုဗစ်-19 ဟာ ကမ္ဘာ့ကပ်ရောဂါ တစ်ခု ဖြစ်တဲ့ အတွက် ရှောင်လွှဲလို့ မရတဲ့ အခြေအနေထဲမှာ တစ်ဦး တစ်ယောက်ချင်းစီရဲ့ စည်းကမ်းလိုက်နာမှုဟာ အထူးပဲ အရေးကြီးပါတယ်။ သူတစ်ပါးဆီကနေ မိမိဆီ မကူးစက်စေဖို့၊ မိမိဆီကလည်း တခြားသူဆီ မကူးစက်စေဖို့ ဆိုတဲ့ စိတ်နဲ့ ပြုမူနေထိုင်ရမှာပါ။ ရောဂါပိုး ကူးစက်မှု မတွေ့ရှိရသေးတဲ့ ပလက်ဝမြို့နယ်မှာ ရောဂါကို ကြိုတင်ကာကွယ်သွားဖို့ ချင်းပြည်နယ် အစိုးရအနေနဲ့ အလေးပေး စီစဉ်လုပ်ဆောင် ပေးသင့်ပါတယ်။
ဒီလို အခြေအနေမှာ ချီးကျူးစရာကောင်းတာက ကိုဗစ်-19 လူနာတွေကို ရှိတဲ့ အရင်းအမြစ်တွေနဲ့ အကောင်းဆုံး ကုသပေးနိုင်ခဲ့တဲ့ ဆရာဝန်နဲ့ ကျန်းမာရေး ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြစ်မတင်ဘဲ၊ ချစ်ခြင်းမေတ္တာပေါ် အခြေခံပြီး ကိုဗစ်-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးတွေ လုပ်ဆောင်သွားနိုင်တာနဲ့ အမျှ အနာဂတ်အတွက် ရလဒ်ကောင်းတွေ ရရှိလာမှာ အသေအချာပါပဲ။ ။







