ရခိုင်က မြို့နယ် ၁၅ ခုတွင် အစိုးရကိုဆန့်ကျင်သည့်စာများကပ်၊ တချို့မြို့နယ်များတွင် ရဲတပ်ဖွဲ့ သိမ်းယူဆုတ်ဖြဲပစ်

ရခိုင်က မြို့နယ် ၁၅ ခုတွင် အစိုးရကိုဆန့်ကျင်သည့်စာများကပ်၊ တချို့မြို့နယ်များတွင် ရဲတပ်ဖွဲ့ သိမ်းယူဆုတ်ဖြဲပစ်

ရခိုင်ပြည်နယ်မှ မြို့နယ် (၁၅) ခုတွင် အစိုးရအားဆန့်ကျင်သည့် စာရွက်များကို အများပြည်သူများမြင်နိုင်သည့် ဓာတ်မီးတိုင်များ၊ လမ်းဆုံလမ်းခွရှိ ခြံစည်းရိုးနံရံများတွင်ကပ်ပြီး လှုပ်ရှားမှုတစ်ရပ် စက်တင်ဘာ ၉ ရက်နေ့ နံနက်က ပေါ်ပေါက်ခဲ့ကြောင်း သတင်းရရှိသည်။

သို့သော်လည်း တချို့မြို့နယ်များတွင် ရဲတပ်ဖွဲ့က လက်ဦးမှုယူပြီး သိမ်းယူဆုတ်ဖြဲပစ်ခဲ့သဖြင့် ပြည်သူများ မမြင်တွေ့ခဲ့ရကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂကနေ နံနက် အရုဏ်တက်အချိန်မှာ မြို့ ၁၅ မြို့မှာ အဲဒီစာရွက်တွေကို ကပ်ခဲ့ကြပါတယ်။ တချို့မြို့တွေမှာ ရဲနဲ့အာဏာပိုင်အဖွဲ့တွေက ဆွဲဖြဲပစ်ခဲ့တဲ့အတွက် ပြည်သူတွေ မြင်တွေ့ ခွင့်မရခဲ့ကြပါဘူး။ ဒါကြောင့် ဒီလှုပ်ရှားမှုကို မသိခဲ့ကြပါဘူး။ မြို့နယ် အနည်းငယ်မှာသာ ပြည်သူများ မြင်တွေ့ခွင့်ရခဲ့တယ်လို့ သိရပါတယ်” ဟု  ၎င်းကဆက်ပြောသည်။

၎င်းစာရွက်များကို မြောက်ဦးမြို့ပေါ်ရှိ ဓာတ်တိုင်များတွင်ကပ်ထားသည်ကို မြင်တွေ့ခဲ့ရသည်ဟု မြို့ခံတစ်ဦးက ပြောကြားသည်။

 “ အစိုးရကနေပြီး ပြည်တွင်းစစ်ကို ရပ်တန့်ပေးဖို့ မကြိုးစားတဲ့အတွက်၊ ပြည်သူလူထုက နေ့စဉ်နဲ့အမျှ လက်နက်ကြီးထိလို့သေနေကြတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့အပြင် တစ်စုံတစ်ရာ ဝင်ရောက် ဖြေရှင်း ပေးတာလည်း မရှိဘူး။ ဒီဟာက ရည်ရွယ်ချက်ရှိရှိလုပ်နေသလိုဖြစ်နေတယ်။ ဒါကြောင့် ဒီအချက်တွေကို ကျွန်တော်တို့ ရခိုင်တစ်ပြည်လုံးမှာ ကပ်ဖို့ကြိုးစားခဲ့တာ။ ဒါပေမဲ့ ဂွ နဲ့ အမ်း နှစ်မြို့ကိုတော့ ချိတ်လို့မရလိုက်ဘူး။ ကျန်တဲ့မြို့တွေကပ်ခဲ့တယ်” ဟုပြောသည်။

စာထဲတွင်  4G အင်တာနက်ပြန်ဖွင့်ပေးရေး၊ No Bloody Government အလိုမရှိ၊ လိုင်စင်ရ လူသတ် (စစ်တပ်) အလိုမရှိ ၊ ပြည်နယ်အစိုးရအား အယုံအကြည်မရှိ၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြဆိုသည့် အချက်လေးချက်ပါဝင်ကြောင်း သိရသည်။

၎င်းစာများကို ကယားပြည်နယ် လွိုင်ကော်မြို့တွင်လည်း ကယားကျောင်းသားများက လူမြင်ကွင်းတွင် ၎င်းစာရွက်များကို ကပ်ပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် တစ်သားတည်းရှိကြောင်း ထုတ်ဖော်ခဲ့ကြသည်ဟု သိရသည်။

စက်တင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီခန့်ကလည်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်တို့သည် ပိုစတာ၊ သူတို့ ကျောင်းသားအဖွဲ့၏ အလံကို ကိုင်ဆောင်ပြီး ရခိုင်ပြည်နယ် အစိုးရရုံးရှေ့တွင် အစိုးရအား ဆန့်ကျင် ဆန္ဒပြခဲ့ကြသည့်အတွက် ဖမ်းဆီးခံခဲ့ရသည်။

၎င်းတိုအား စစ်တွေမြို့မရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ၎င်းကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၏ ပြောပြချက်အရသိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...