ရသေ့တောင်မြို့နယ် ငစံဘော်ကျေးရွာတွင် လက်နက်ကြီးကျ၍ အရပ်လူကြီးတစ်ဦးဒဏ်ရာရ

ရသေ့တောင်မြို့နယ် ငစံဘော်ကျေးရွာတွင် လက်နက်ကြီးကျ၍ အရပ်လူကြီးတစ်ဦးဒဏ်ရာရ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မြောက်ပိုင်း၊ ငစံဘော်ကျေးရွာထဲ လက်နက်ကြီးကျည်ကျ၍ အရပ်လူကြီး တစ်ဦးတွင် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူမှာ ဦးအောင်ကျော်ညွှန့်(ခ) မောင်ဘုယေ (၆၄) နှစ်ဖြစ်သည်။

 

ငစံဘော်ကျေးရွာ ရာအိမ်မှူးတစ်ဦးဖြစ်သူ “ နေ့လယ် ၂ နာရီကျော်ကျော်လောက်က လက်နက်ကြီး ကျည်ကျပြီး ဒဏ်ရတာပါ ဘယ်ဘက်လက်မောင်းမှာထိပါတယ်။ ရသေ့တောင်ဘက်က တပ်ရင်းတွေက ပစ်တာပါ။ ရွာထဲမှာ တစ်လုံးကျတယ်။ အဲဒီမှာ လာထိတာပါ။ မောင်ဖြူရွာဘက်မှာ သုံးလေးလုံးကျတယ်။ အဲဒီမှာတော့ အထိအခိုက်မရှိဘူး” ဟု ပြောကြားသည်။

၎င်းလက်နက်ကြီးကျည်ထဲမှ တစ်လုံးမှာ ရွာထဲတွင် ခင်းထားသည့် ကွန်ကရစ်လမ်းပိုင်းပေါ်ကျပြီး ထိုမှ ကျည်စ ထိမှန်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

၎င်း၏ သားဖြစ်သူ ကိုအောင်ထွန်းဝင်းက “အဖေက ထမင်းချက်နေတဲ့အချိန်မှာ လက်နက်ကြီးက သူ့အနားမှာ လက်နက်ကြီးကျည် လာကျတာပါ။ သူလက်မောင်းတစ်ဖက်ကို ကျည်ဖောက်သွားတယ်။ လက်မတစ်ချောင်း ပြတ်ထွက်သွားတယ်။ နောက်တစ်ကိုယ်လုံးလည်းကျည်စတွေ မှန်ထားတယ်။ အခုရသေ့တောင် ဆေးရုံကို သွားဖို့ လုပ်နေပါတယ်။” ဟု ပြောသည်။

အိမ်ထဲတွင် အေးအေးချမ်းချမ်းနေထိုင်နေသည့် အချိန်တွင် အိမ်ထဲအထိ ထိမှန်အောင်ပစ်ခတ်ကြသည့်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း သူကဆက်ပြောသည်။

“အိမ်မှာနေရင်းလည်း အလိုလိုနေရင်းထိုင်ရင်း အခုလိုဖြစ်ရတယ်။ သူတို့မှာ ရန်သူရှိတဲ့နေရာတွေကို ပစ်ပါလားဗျာ။ အခုက လူနေရွာတွေ၊ အိမ်တွေကို ထိမှန်တော့ စိတ်မကောင်းဖြစ်ရတယ်” ဟု သူကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ၎င်းအား ရွာသားများဆက်သွယ်လာကြောင်း၊ ဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်းပြောသည်။

“ရသေ့တောင်မြို့တပ်ရင်းဖက်ကပစ်တာ။ တပ်ရင်းတွေရှိတယ်။ မှန်းလို့မကျဘူးဘယ်ကပစ်လဲ။ တိုက်ပွဲ မဖြစ်ဘူး။ လူနာအခြေနေက တစ်ကိုယ်လုံးကို ကျည်စတွေပြန့်နေတယ်လို့သိရတယ်။ ရသေ့တောင်ခေါ်လာရင် လမ်းမှာ ရှစ်နာရီလောက်ကြာအုန်းမယ်” ဟု သူကပြောသည်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင်း ဦးအောင်ကျော်ညွှန့်ကို ခက်ခက်ခဲခဲ ရသေ့တောင်သို့ ယူဆောင်နေကြကြောင်း၊ ငစံဘော်ချောင်းနှင့် မေယုမြစ်အတိုင်း သွားလာရေးမှာ ကန့်သတ်ချောင်းများကြောင့် ကုန်းတစ်တန်၊ ရေတစ်တန် ယူဆောင်နေရကြောင်း ပြောကြားသည်။

ယနေ့ နေ့လယ်တွင် ရသေ့တောင်မြို့ပေါ် တပ်ရင်းများမှ ကျောက်တန်းနှင့် အောင်သာစည် ကျေးရွာများဘက်သို့ လက်နက်ကြီးများ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူးအား ဆက်သွယ်ရာဖုန်းမကိုင်သဖြင့် ရသေ့တောင်မြို့နယ်ရဲမှူး ကျော်မြင့်အားဆက်သွယ်ရာ ၎င်းမှာ သိရှိခြင်းမရှိသေးကြောင်း မေးကြည့်ရအုံးမည်ဟု ဆိုကာ ဖုန်းချသွားခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တပ်တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းသို့ အကြိမ်ကြိမ် ဖုန်းဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။ 

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...