လားနွန် – ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးနယ်နိမိတ်အနီး ဖလမ်းခရိုင် ဆီးယင်းသစ်တောကြိုးဝိုင်းဧရိယာတွင်တည်ရှိ သော ဝေဘူလတောင်တွင် ဖိုးလမင်းသာသာကုမ္ပဏီမှ ခရိုမိုက်သတ္တုတူးဖော်ရေးလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအစိုးရကို သဘောထားမှတ်ချက်တစ်စုံတစ်ရာတောင်းခံခြင်းမရှိခဲ့ကြောင်း ကလေးမြို့နယ်အမှတ်(၁) တိုင်းဒေသလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကပြောသည်။
သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပပြုလုပ်သော (၂၄) ကြိမ်မြောက် စစ်ကိုင်းတိုင်းဒေသကြီးပုံမှန်အစည်းအဝေးတွင် ဒေါ်သန့်ဝေကျော်က ဝေဘူလတောင်တွင် ဖိုးလမင်းသာသာကုမ္ပဏီမှ သတ္တုတူးဖော်ရန်ဆောင်ရွက်နေမှုအပေါ် တိုင်းအစိုးရအနေဖြင့် ပြည်ထောင်စုနှင့် ချိတ်ဆက်၍ မည်ကဲ့သို့ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ရာတွင် စစ်ကိုင်းတိုင်းအစိုးရကိုယ်စား ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းက ထိုကဲ့သို့ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။
“ဝန်ကြီးအနေနဲ့ကတော့ အဓိက ကျမတို့စစ်ကိုင်းတိုင်းဘက်ခြမ်းမှာပါတဲ့ (၄၆) ဧက ညွှန်းထားတာကတော့ ပြည်နယ်မြေစာရင်းအနေနဲ့ကတော့ အဲလိုညွှန်းထားတာရှိတယ်။ ဒါပေမဲ့ ဒီ (၄၆) ဧကနဲ့ ပတ်သက်ပြီးတော့ ကုမ္ပဏီဘက်ကလည်း စမ်းသပ်မှုနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ တိုင်းအစိုးရအဖွဲ့ထံတင်ပြထားတာမရှိပါဘူး။ ပြည်ထောင်စုကနေလည်း သဘောထားမှတ်ချက်တောင်းခံထားတာလည်းတစ်ခုမှမရှိပါဘူး။ အကယ်၍ စစ်ကိုင်းတိုင်းဘက်ခြမ်းနဲ့ ပတ်သက်ပြီးတော့မှ ဒီလိုမျိုးတင်ပြလာတာ သဘောထားမှတ်ချက်တောင်းခံလာတယ် ဆိုလို့ရှိရင်တော့ ဒေသခံတွေရဲ့ သဘောဆန္ဒတွေကိုရယူပြီးတော့ တုံ့ပြန်ပါမယ်လို့ဖြေသွားပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကပြောသည်။
ဝေဘူလတောင်သည် ဖလမ်းခရိုင် ဆီးယင်းသစ်တောကြိုးဝိုင်းဧရိယာတွင်တည်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အနီးတွင်တည်ရှိသည်။
ဖိုးလမင်းသာသာ ကုမ္ပဏီမှ ဝေဘူလတောင်တွင် ခရိုင်မိုက်တူးဖော်ရေးလုပ်ငန်းဆောင်ရွက်ပါက တောင်ခြေရှိ စစ်ကိုင်းတိုင်းဘက်ခြမ်း လယ်ယာမြေအမြောက်အများပျက်စီးဆုံးရှုံးနိုင်သည့်အတွက်ကြောင့် စစ်ကိုင်းတိုင်းဘက်ခြမ်း ကျေးရွာအုပ်စု (၃) အုပ်စု ငါးဖားအုပ်စု၊ နတ်ချောင်းအုပ်စုနှင့် ထောက်ကြံ့အုပ်စုတို့မှ ကန့်ကွက်ခဲ့ကြသည်။
ကုမ္ပဏီမှ လုပ်ငန်းအကောင်အထည်ဖော်ရန် လမ်းဖောက်လုပ်ခြင်း အဆောက်အဦးတည်ဆောက်မှုများရှိခြင်းကြောင့် ကလေးမြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က သွားရောက်ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ရပ်တန့်စေခဲ့ခြင်းဖြစ်သည်။
ဒေါ်သန့်ဝေကျော်က “စီမံကိန်းကိုသေချာပြန်ကြည့်လို့ရှိရင် ချင်းပြည်နယ်ဘက်ခြမ်းနဲ့ အများကြီးသက်ဆိုင်တယ်လို့ထင်ရပေမဲ့ တကယ်တကယ် စီမံကိန်းရဲ့ဆိုးကျိုး စီမံကိန်းကနေထွက်လာမယ့် စွန်ပစ်မြေစာပဲဖြစ်ဖြစ် ကျမတို့ရဲ့ ရေအရင်းအမြစ်တွေဖြစ်ဖြစ် ဒါတွေကတော့ ကျမတို့ဘက်ကနေအများကြီးသက်ဆိုင်သွားတဲ့အတွက် တကယ့်တကယ် သဘာဝပတ်ဝန်းကျင်ဘယ်လောက်ထိ ထိခိုက်နိုင်တယ်ဆိုတဲ့ စစ်တမ်းတွေမထွက်ပေမဲ့ ဒီတိုင်းတွေးလို့ရှိရင်တောင် ဒါကျမတို့ဒေသခံများကလည်းလက်ခံနိုင်မှာ မဟုတ်ဘူး’’ ဟု ပြောသည်။
ချင်းပြည်နယ်တွင် ခရိုမိုက်သတ္တုသည် ဖလမ်းခရိုင် တီးတိန်၊ တွန်းဇံမြို့နယ် မြွေတောင်ဖားတောင်တွင် အများဆုံးထွက်ရှိပြီး ဒုတိယမှာ ဖလမ်းမြို့နယ် ဆီးယင်းသစ်တောကြိုးဝိုင်းဒေသ ဝေဘူလတောင်ဟု သိရသည်။







