အဖြစ်သဘောဖွင့်ပေးထားသောအင်တာနက်ကို 4G အဆင့်သို့ မြှင့်တင်ပေးရန် မြောက်ဦးလူငယ်များ အစည်းအရုံးတောင်းဆို

အဖြစ်သဘောဖွင့်ပေးထားသောအင်တာနက်ကို 4G အဆင့်သို့ မြှင့်တင်ပေးရန် မြောက်ဦးလူငယ်များ အစည်းအရုံးတောင်းဆို

ရခိုင်ပြည်နယ်မှ မြို့နယ် ၇ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် မြို့နယ် (၈) ခုတို့တွင် အစိုးရမှ အဖြစ်သဘော ဖွင့်ပေးထားသော အင်တာနက်မှာ အသုံးပြု၍ မရရှိသဖြင့် ကိုဗစ်ရောဂါ ကျယ်ပြန့်စွာ ဖြစ်လာသော အချိန်တွင် 4G အဆင့်သို့ တိုးမြှင့်ပေးရန် မြောက်ဦးလူငယ်များ အစည်း အရုံး (MUYA) ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။

သြဂုတ် ၂၁ ရက်နေ့ စွဲဖြင့် မြောက်ဦး လူငယ်များ အစည်းအရုံး (MUYA)က ထုတ်ပြန်ကြေညာချက်ထဲတွင် ရခိုင်ပြည်နယ်မှ မြို့နယ် ၇ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် အပါအဝင် မြို့နယ် (၈) ခုတို့တွင် အင်တာနက်ဖြတ်တောက်ထားမှုကို အစိုးရမှ  ၁နှစ်နှင့် ၂၀ ရက် အကြာ ၂၀၂၀ သြဂုတ် ၁ ရက်နေ့တွင် ဖွင့်ပေးခဲ့ကြောင်း၊ ၎င်းအင်တာနက်မှာ 2G (E) အဆင့် အင်တာနက်ကို ပြန်လည် ဖွင့်ပေးခြင်းဖြစ်သဖြင့် လုံး၀ အသုံးပြု၍ မရရှိကြောင်း၊ ၎င်းအဖြစ်သဘော ဖွင့်ပေးသည့် အင်တာနက်ကို 4G (LTE) အဆင့်သို့ အမြန်ဆုံး မြှင့်တင် ဖွင့်ပေးပါရန် ပြည်ထောင်စု အစိုးရအား တောင်းဆိုကြောင်း ဖော်ပြထားသည်။

မြောက်ဦးလူငယ်များ အစည်းအရုံး (MUYA)မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုမိုးဇော်က “အဓိကတော့ အရင်ကလည်း တောင်းဆိုခဲ့ပါတယ်။ အင်တာနက်ဖွင့်ပေးဖို့။ အစိုးရမှ ဖွင့်ပေးတာက 2G (E) အဆင့်ဆိုတော့ မြောက်ဦးဒေသမှ ဘယ်လိုမှ သုံးမရဘူး။ မရဆိုတဲ့အခါ အခုအခါ ကိုဗစ် ၁၉ ကလည်း အရေးပေါ် ဖြစ်လာတော့ စစ်တွေမှာ တစ်နေ့တည်းမှာ ၉ ဦး၊ မြောက်ဦးမှာ ၁ ဦးတွေ့ထားတယ်။ ဒီလို ဖြစ်နေတဲ့ သတင်းအချက်အလက်ကို မသိရတော့ မြောက်ဦးမှာ အဲဒီရောဂါနဲ့ ပြန့်ပွားမှုက ပိုပြီး များလာနိုင်တဲ့ အခြေအနေရှိပါတယ်။ အခုတောင်မှ မြောက်ဦးမှာ Positive လူနာ တစ်ဦးတွေ့တာတောင် မသိတဲ့ လူတွေ ရှိပါသေးတယ်” ဟု ပြောဆိုသည်။

၎င်းပြင် ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားသည့် ကိုဗစ် ၁၉ နှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်စသည့် အချက်များကို မသိသူများ ပိုများနေသည်ဟု ဆိုသည်။

“ ဒါ့အပြင် ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားတဲ့ ကိုဗစ် ၁၉ နဲ့ ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်စတဲ့ အချက်တွေကို ကာကွယ်ရမယ့်  ညွှန်ကြားချက်တွေကို မသိရတဲ့အခါ ပြည်သူလူထု ကြားမှာ လူစုလူဝေးအတွင်း သွားလာမှုတွေရှိလာမယ်။ နောက်ပြီး ရောဂါကို မသိတဲ့ အခါ  Mask ဆိုရင် တပ်မှာ မဟုတ်ဘူး။ အင်တာနက်ကို 4G အဆင့် မြင့်ပေးလိုက်ရင် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်တွေကို ကျွန်တော်တို့ အချိန်နဲ့ တပြေးညီသိရမယ်။ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေကို သိရပြီး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အခုက အင်တာနက် 2G အဆင့်ဆိုတော့ လုံးဝ သုံးလို့ မရတဲ့အခါ သတင်း အချက်အလက်တွေကို မသိရတဲ့ အခါ ဒီရောဂါဟာ ပျံ့နှံ့သွားမှာကို စိုးရိမ်တဲ့အတွက် သတင်း အချက်အလက်တွေ မြန်ဆန်စွာ စီးဆင်းနိုင်ရေးအတွက် 4G အဆင့်ဖွင့်ပေးဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထုတ်ပြန်ချက်ထဲတွင် ရခိုင်ပြည်နယ်အတွင်း Covid -19 ရောဂါပိုးတွေ့ရှိထားသူများမှာ အင်တာနက်ကို အပြည့်အဝသုံးစွဲခွင့်မရသည့် မြောက်ဦးမြို့နယ်လည်း ပါဝင်နေသည့်အတွက် အဆိုပါ ကပ်ရောဂါနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များကို မြန်ဆန်စွာ သိရှိနိုင်ရန် ပြည်ထောင်စု အစိုးရမှ စာနာနားလည်ပေးရန်လိုအပ်ကြောင်း ဖော်ပြသည်။

ကျောင်းသူ/ ကျောင်းသားများ အင်တာနက်မှ ပညာသင်ကြားနိုင်ရန်၊ စီးပွားရေး လုပ်ငန်းရှင်များအတွက် အထောက်အကူ ဖြစ်စေရန် ကျန်းမာရေး သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ သိရှိနိုင်စေရန် စသည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုသည့် အနေဖြင့် ပြည်ထောင်စု အစိုးရမှ ပြည်သူလူထု၏ အခွင့်အရေးကို လေးစားလိုက်နာဆောင်ရွက်သင့်ကြောင်း တောင်းဆိုအပ်ပါကြောင်း ဖော်ပြထားသည်။

 

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...