ချင်းပြည်နယ်တွင် မဲဆန္ဒရှင်ဦးရေ ခုနစ်သောင်းခန့်တိုးလာ

ချင်းပြည်နယ်တွင် မဲဆန္ဒရှင်ဦးရေ ခုနစ်သောင်းခန့်တိုးလာ

ချင်းပြည်နယ်တွင် မဲဆန္ဒရှင်ဦးရေသည် ၂၀၁၅ အထွထွေရွေးကောက်ပွဲကထက် ခုနစ်သောင်းခန့်တိုးလာကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အရာရှိ ဦးလင်းကျော်က ပြောသည်။

ချင်းပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအတွက် ပထမအကြိမ်ထုတ်ပြန်သည့် မဲစာရင်းအရ မဲဆန္ဒရှင်ဦးရေ ၃၄၀၀၀၀ ကျော်ရှိပြီး ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲက မဲဆန္ဒရှင်ဦးရေ ၂၇၀၀၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

“ပထမစာရင်းအရဆိုရင် ခုနစ်သောင်းခန့်တိုးလာတယ်။ လောလောဆယ် နိုင်ငံခြားကနေ ပြန်လာမဲ့ပုဂ္ဂိုလ်တွေကလည်း နှစ်သောင်းလောက်ရှိတယ်” ဟု ဦးလင်းကျော်ကပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဇူလိုင် ၂၅ ရက်မှစတင်ကာ မဲစာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပြီး မဲစာရင်းမှားယွင်းခြင်းများမရှိစေရန် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်များက လုပ်ဆောင်လျက်ရှိကာ လက်ရှိတွင် မဲစားရင်းအတိအကျကို အနီးစပ်ဆုံးသာ ပြောနိုင်ကြောင်း ဦးလင်းကျော်က ပြောသည်။

ယခုလို ချင်းပြည်နယ်အတွင်း ယခင်နှစ်များထက် မဲဆန္ဒရှင်တိုးလာသည်နဲ့အမျှ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ယခင်နှစ်များထက် ပို၍ မဲရရှိရန်လိုအပ်ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖလမ်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသျှန်းအုပ်ထန်က ပြောသည်။

“အခုလို အရင်ကထက် မဲဆန္ဒရှင် တိုးလာတာကြောင့် ကို်ယ်စားလှယ်လောင်းတွေကလည်း အရင်နှစ်များထက် မဲပိုရဖို့လိုတယ်၊ ဥပမာအနေနဲ့ မနှစ်က မဲ ၈၀၀၀ နဲ့ အနိုင်ရရင် ဒီနှစ်မှာတော့ ၁၅၀၀၀ လောက်ရဖို့လိုအပ်လာမယ်” ဟု ၎င်းကပြောသည်။

မြို့နယ်ပေါင်း ကိုး မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေစုစုပေါင်း ၃၉ နေရာရှိပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ ကိုးနေရာ၊ အမျိူးသားလွှတ်တော်မဲဆန္ဒနယ်မြေ ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ ၁၈ နေရာရှိကာ ၎င်းမဲဆန္ဒနယ်များတွင်ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းထားသူ ၂၁၁ ဦးရှိကြောင်း သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လာမည့် နိုဝင်ဘာ ၈ ရက် တွင်ကျင်းပသွားမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်အတွက် ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ဇူလိုင် ၁ ရက်က ထုတ်ပြန်ကြေညာထားသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...