အမ်းမြို့နယ်တွင် ဖမ်းဆီးခံရသည့်ကျန်းမာရေးဝန်ထမ်းကို ရဲစခန်းသို့လွှဲပြောင်း

အမ်းမြို့နယ်တွင် ဖမ်းဆီးခံရသည့်ကျန်းမာရေးဝန်ထမ်းကို ရဲစခန်းသို့လွှဲပြောင်း

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်၌ သြဂုတ် ၉ ရက်နေ့က ဖမ်းဆီးခံထားရသည့် ကျန်းမာရေးဝန်ထမ်းအား ဩဂုတ် ၁၇ ရက် မနက် ၁ဝ နာရီ ၁၅ မိနစ်အချိန်ခန့်က တပ်ဘက်မှ ရဲစခန်းသို့ လွှဲပြောင်း ပေးလိုက်သည်ဟု သတင်းရရှိသည်။

ရဲစခန်းသို့ လွှဲပြောင်းပေးခံရသည့် ကျန်းမာရေးဝန်ထမ်းမှာ အမ်းမြို့နယ် ချစ်ပုံမကျေးရွာ ကျန်းမာရေးဌာနတွင် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) တာဝန် ထမ်းဆောင်နေသူ ကိုကျော်မင်းထွန်း (၂၇ နှစ်) ဖြစ်ကြောင်း သိရှိရသည်။

ကိုကျော်မင်းထွန်းအား ဩဂုတ် ၁၆ ရက်မနက်ကနေ အမ်းမြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သော်လည်း ယခုအချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးကြောင်း အစ်ကိုဖြစ်သူ ကိုခိုင်ကျော်လှိုင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“မနေ့က ၁ဝနာရီ ၁၅ မိနစ်လောက်မှာ ရဲစခန်းကိုရောက်တယ်လို့ ကျနော်တို့ပြောသံကြားတယ်။ မိသားစုနဲ့တော့ တွေ့ခွင့်မရဘူး။ ရဲသားတွေက မိသားစုနဲ့ မတွေ့ရလို့ပြောတယ်။ ရောက်နေတာတော့ သေချာတယ်။ မြို့နယ်ဆရာဝန်ကြီးတော့ တွေ့ခွင့်ရလို့ သူနှင့် တွေ့ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ကိုကျော်မင်းထွန်းအား တပ်မတော်ဖက်မှ အကြမ်းဖက်မှုဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်ဟု အစ်ကိုဖြစ်သူက ဆက်ပြောသည်။

“သူ့ကိုတော့ တပ်ဖက်က ၅ဝ (ည)၊ ၅၂ (က) နှင့် အမှုဖွင့်ထားတယ်လို့တော့ ပြောသံကြားတယ်။ အတိအကျတော့ မသိရသေးဘူး။ ဒီနေ့ ရမန်ယူဖို့တော့ ပြောသံကြားတယ်။ ဘယ်အချိန် ရုံးတင်မယ် ဆိုတာကိုလည်း ကျနော်တို့ မသိဘူး” ဟု ပြောသည်။

ကိုကျော်မင်းထွန်း အမှုကိစ္စနှင့်ပတ်သက်၍ အမ်းမြို့နယ် ရဲစခန်းမှူးသို့ဆက်သွယ်ရာ ၎င်းကိစ္စကို ပြောဆို၍ မရသေးကြောင်း စခန်းမှူးက နိရဉ္စရာ သတင်းဌာနသို့ ပြန်လည်ဖြေကြားခဲ့သည်။

အမ်းမြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်ကျော်မိုးသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါ။

ယခုဖမ်းဆီးခံရသူ ချစ်ပုံမကျေးရွာ ကျန်းမာရေးဌာနတွင် ပြည်သူ့ကျန်းမာရေးကြီးကပ် (၂) တာဝန် ထမ်းဆောင်နေသူ ကိုကျော်မင်းထွန်း၊ သပြုချိုင်ကျေးအုပ်စုရှိ စည်တောင်ကြီးကျေးရွာ ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော ကိုငြိမ်းလင်းဇော် (၂၄ နှစ်)နှင့် သပြုချိုင်ကျေးရွာ ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်သော ကိုမင်းကျော်နိုင်(၂၈ နှစ်)တို့သည် သြဂုတ်လ ၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အမ်းမြို့ ပြည်သူ့ဆေးရုံသို့ Mobile Tablet သင်တန်းတက်ရောက်ရန်သွားစဉ် တစ်မိုင်ကုန်း စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် သြဂုတ်လ ၁ဝ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကိုငြိမ်းလင်းဇော်နှင့် ကိုမင်းကျော်နိုင်တို့ ကို လွှတ်ပေးခဲ့သော်လည်း ကိုကျော်မင်းထွန်းကို ဆက်လက်ဖမ်းဆီးထားခဲ့ပြီး ရက်သတ္တတစ်ပတ်အကြာတွင် အမ်းမြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...