လားနွန် – ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်သို့ရောက် ရောက်ရှိနေသည့် နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကို တီးတိန်ပြည်သူထုက ခရိုင်ရရှိရေးအပါအဝင် အချက် (၆) ချက် တင်ပြတောင်းဆိုခဲ့ကြသည်ဟု သိရသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် သြဂုတ်လ (၁၂) ရက်နေ့က တီးတိန်မြို့ စကောလမ်းရပ်ကွက် အ.ထ.က (၁) စံကိုက်ညီ အခြေခံပညာမူလတန်းကျောင်းခန်းမ၌ တီးတိန်မြို့ရှိ မြို့မိမြို့ဖများ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ထိုကဲ့သို့တင်ပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်ဟု Zomi Youth Association (ZYA-Tedim) မှ ကို Nang No ကပြောသည်။
တီးတိန်မြို့ပြည်သူလူထုများ တောင်းဆိုသည့် အချက်များမှာ မဟာဓာတ်အားလိုင်းရရှိရေး၊ တီးတိန်မြို့နယ် ခရိုင်ရရှိရေး၊ ဆေးရုံ ကုတင် (၁၀၀) မှ (၂၀၀) ရရှိရေး၊ စက်မှုသိပ္ပံကျောင်းအား GTI ကျောင်းပြောင်းလဲပေးရေး၊ တီးတိန်မြို့ပေါ်ရေပေးရေဝေရေးတွင် သောက်သုံးရေးလုံလောက်ရေးနှင့် တီးတိန်မြို့ပေါ်တွင် မြို့တော်ခန်းမရရှိရေးစသည်တို့ဖြစ်သည်။
အဆိုပါတောင်းဆိုချက်များနှင့် ပတ်သက်ပြီး နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူမှ တောင်းဆိုချက်များအား နိုင်ငံတော်ရန်ပုံငွေနှင့် ပတ်သက်ပြီး ကိုဗစ်ကာလကြောင့် ချက်ခြင်းချက်ခြင်းလုပ်ဆောင်ပေးရန် အခက်အခဲအနည်းငယ်ရှိကြောင်းပြန်လည်ဖြေကြားခဲ့ကြောင်း ကို Nang No ကပြောသည်။
“ကျနော်တို့ လိုချင်တဲ့အချိန်မှာတော့ မရနိုင်ဘူးပေါ့၊ နိုင်ငံတော်က ရန်ပုံငွေတွေလည်း အခုကိုဗစ်ဖြစ်တာနဲ့ ဘတ်ဂျက် အဲလိုမျိုးချမပေးနိုင်တာတို့ ချတော့ချပေးမယ်ပေါ့၊ လျှပ်စစ်မီးနဲ့ပတ်သက်ပြီး သူတို့ ကွင်းဆင်းလေ့လာပြီးတော့မှာ ဂန့်ဂေါကနေ ကလေးကနေ တီးတိန် အဲလိုမျိုး ရိဒ် ကျီခါး တွန်းဇံတို့လည်း ပေးဖို့စဉ်းစားတယ် အဲလိုမျိုးစီစဉ်ထားတာလည်း ဗို့အားကောင်းအောင်းလည်းဆောင်ရွက်နေဆဲဖြစ်တယ် ချက်ခြင်းတော့မရဘူး၊ ခရိုင်ကိစ္စလည်း သမ္မတရုံးတော့ ရောက်ပြီးသွားပြီ အဲဒါ သမ္မတရဲ့ မှတ်ချက်ပေါ်မှာမူတည်ပြီးတော့ သမ္မတရဲ့ ညွှန်ကြားချက်အတိုင်းကို ဆက်လိုက်မှာ သူတို့က အစိုးရကို ပြန်အကြောင်းကြားမယ်လို့ ပြောထားတယ်” ဟု ကို Nang No ကပြောသည်။
စက်မှုသိပ္ပံကျောင်း၊ ရေပေးရေဝေကိစ္စများနှင့် ဆေးရုံကိစ္စများတို့သည်လည်း အစိုးရမှ ရန်ပုံငွေအပေါ်အခြေခံပြီး ဆောင်ရွက်ရမှာဖြစ်သလို စီစစ်နေဆဲဖြစ်ပြီး ပြည်သူများတောင်းဆိုထားသည့် အချက်များအပေါ် ဒုသမ္မတက ကတိမပေးဘဲ စိတ်ရှည်သည်းခံစောင့်ဆိုင်းပေးစေလိုဟု မှာကြားခဲ့ကြောင်း ကို Nang No ကဆက်ပြောသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ် (၅) ရက်ကြာ ဒေသဖွံ့ဖြိုးရေးကိစ္စများကြည့်ရှုစစ်ဆေးသွားမည်ဖြစ်ပြီး သူနှင့် အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်ခဲ့ကြသည်။







