ပုဏ္ဏားကျွန်းမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုမှ သေနတ်ပစ်ဖောက်၍ နွားသုံးကောင်ကို လုယူသွား

ပုဏ္ဏားကျွန်းမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုမှ သေနတ်ပစ်ဖောက်၍ နွားသုံးကောင်ကို လုယူသွား

ကိုသူရ — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ နဒေါင်းကျကျေးရွာမှ လယ်သမားတစ်ဦးပိုင် နွားသုံးကောင်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ သေနတ်များပစ်ဖောက်ကာ လုယူသွားသည်ဟု ပိုင်ရှင်ဖြစ်သူက ပြောကြားသည်။

၎င်းနွားသုံးကောင်ကို ရွာအနီးအနောက်ဖက်တွင်ရှိသည့် နွားခြံတွင် ချည်ထားရာမှ သြဂုတ်လ ၉ ရက်နေ့ မနက် ၈ နာရီခန့်တွင် ယူဆောင်ခံရသည်ဟု နဒေါင်းကျကျေးရွာမှ ပိုင်ရှင်ဖြစ်သူ ဦးကျော်သိန်းက ပြောသည်။

“ သြဂုတ် ၉ ရက်နေ့ မနက်ပိုင်းမှာ ရွာရဲ့ အနောက်ဖက်မှာ နွားခြံရှိပါတယ်။ နွားခြံရောက်တော့ နွားသုံးကောင်က မရှိတော့ဘူး။ ဒါနဲ့ ရွာကိုပြန်လာပြီး ရွာသားတွေနဲ့ ချက်ချင်းလိုက်သွားကြပါတယ်။ ရွာရဲ့ အနောက်ဖက် တောစပ်အလွန် အရောက်မှာ လက်နက်ကိုင် အဖွဲ့တဖွဲ့ကနေ သေနတ်တွေ အဆက်မပြတ် ပစ်ခတ်တဲ့အတွက် ဆက်လက်သွားမရှာရဲတော့ဘဲ ပြန်လာကြရပါတယ်” ဟု ဦးကျော်သိန်းက ပြောသည်။

ပစ်ခတ်သူများမှာ မည်သည့်အဖွဲ့ဖြစ်ကြောင်းသိသော်လည်း အသက်ကို ရန်ရှာနိုင်သဖြင့် မပြောရဲကြောင်း ၎င်းကပြောကြားသည်။

ရခိုင်ပြည်နယ်သည် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး လယ်ယာလုပ်ငန်းနှင့် တွဲဘက်ပြီး ကျွဲ၊ နွားများကို မွေးမြူကြသည်။

လက်ရှိအခြေအနေတွင် မကြာခဏ ကျွဲနွားများ အခိုးခံနေကြသဖြင့် ပိုင်ရှင်များအနေဖြင့် ကျွဲနွားများကို ဆက်လက် မမွေးတော့ဘဲ ရောင်းချမှုများ ရှိလာသည်ဟုသိရသည်။ သို့အတွက် ဒေသ၏ လယ်ယာ လုပ်ငန်းကို ထိခိုက်လာသည်ဟုဆိုသည်။

“ အခုဆို လယ်သမားတွေက လယ်ကို ထွန်စက်နဲ့ ထွန်ကြတာဘဲများတယ်။ ဒါပေမယ့် ထွန်စက်မရှိတဲ့ လယ်သမားတွေကျတော့ စက်ငှားခဈေးကြီးအတွက် မငှားနိုင်ဘူး။ ကျွဲ၊ နွားတွေနဲ့ အရင်ကလိုဘဲ ထွန်ကြရပါတယ်။ ကျွန်တော်တို့လည်း ဆင်းရဲတဲ့ လယ်သမားတွေ ဖြစ်ကြတဲ့အတွက် ဒီနွားတွေနဲ့ဘဲ လယ်ထွန်နေရတာပါ။ အခုတော့ နွားတွေ လုယူခံရတော့ မရှိဆင်းရဲသားကျွန်တော်တို့မှာ အထူး ဒုက္ခရောက်သွားပါပြီ။ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်း မသိတော့ပါ” ဟု ဦးကျော်သိန်းက ဆက်လက် ပြောသည်။

နဒေါင်းကျကျေးရွာ အုပ်ချုပ်ရေးမှုဦးစံရွှေလှက “အယင်တုန်း ကျွန်တော်တို့ရွာမှာ အခုလို့မျိုး တခါမှ မပျောက်ဖူးဘူး။ အခြားရွာတွေဖြစ်တဲ့ ကျွန်တော်တို့နဲ့ ရွာနီးချောင်းစပ်ဖြစ်တဲ့ ဖက်ကျကျေးရွာ၊ ပိန္နဲတောကျေးရွာတွေမှာတော့ တော်တော်များ ပျောက်ကြတယ်လို့တော့ ပြောသံကြားတယ်။ အခုတော့ နွားတွေကို လိုက်မရှာရဲအောင် သေနတ်တွေနဲ့ ပစ်တယ်ဆိုတော့ ရိုးရိုးနွားသူခိုးတွေမဟုတ်တော့ဘူး။ လက်နက်ကိုင် အဖွဲ့စည်းတခုလို့ ယူဆပါတယ်။ ဒေသခံလူထုကတော့ ဘယ်သူတွေလဲဆိုတာ သိကြပါတယ်။ ဒါပေမယ့် မပြောရဲကြဘူး” ဟု ပြောသည်။

၎င်းပျောက်ဆုံးမှုနှင့်ပတ်သတ်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်သို့ဆက်သွယ်ရာ နွားသုံးကောင် လုယက်ခံရသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

“ နဒေါင်းကျကျေးရွာ ဦးကျော်သိန်းက ဖုန်းဆက်အကြောင်းကြားလာပါတယ်။ သူ့မှာ နွားသုံးကောင် ပါသွားပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ ကျွဲ နွား ပျောက်ဆုံးမှုတွေက ယခင်ကထက် ပိုများလာတယ်။ ပြန်လည်ရရှိတယ်ဆိုတာမရှိဘူး” ဟု ပြောကြားသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ နတ်ဆိပ်ကျေးရွာ၊ မင်းဂံကျေးရွာ၊ ကျွဲထိုးနှင့် ယိုးတရုတ် အနီးတဝိုက်တွင် ပျောက်ဆုံးသွားသည့် နွားအကောင်ရေမှာ ၁ဝဝ အထက်ရှိနေပြီး ပျောက်ဆုံးမှုကို မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှုနှင့် တာဝန်ရှိဌာနဆိုင်ရာအသီးသီးအား တိုင်းကြားခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးနိုင်ခြင်း မရှိ၍ ယခုနောက်ပိုင်းတွင် ဌာနဆိုင်ရာများကို တိုင်ကြားမှု မရှိတော့ကြောင်း ဒေသခံများမှ တစ်ဆင့် သိရသည်။

ဓာတ်ပုံ - (CINCDS) သတင်းနှင့် မသက်ဆိုင်ပါ။ စစ်အုပ်စုတပ်၏ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။
August 24, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်ရေး ပြင်းထန်နေသည့် စစ်အုပ်စု၏ ရေတပ်သည် ပေါက်တောမြို့နယ်၊ အနောက်...
August 24, 2026
စစ်အုပ်စုတပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တို့...
(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...