ရန်ကုန်မြို့ တောင်ဥက္ကလာပတွင် ဘူသီးတောင်မှပန်းထိမ်လင်မယားနှစ်ဦးအား သတ်ဖြတ်သူနှစ်ဦးကို ဖမ်းဆီးရမိ

ရန်ကုန်မြို့ တောင်ဥက္ကလာပတွင် ဘူသီးတောင်မှပန်းထိမ်လင်မယားနှစ်ဦးအား သတ်ဖြတ်သူနှစ်ဦးကို ဖမ်းဆီးရမိ

ခိုင်လူလှ  — ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်တွင် ဘူးသီးတောင်မှ ပြောင်းရွှေ့နေထိုင်သူ ရွှေပန်းထိမ်ဆရာနှင့် ၎င်း၏ဇနီးဖြစ်သူတို့အား သတ်ဖြတ်သူ သံသယတရားခံနှစ်ဦးအား ဖမ်းဆီးရမိသည်ဟု သတင်းရရှိသည်။

တောင်ဥက္ကလာပမြို့မစခန်းမှူးက “ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ နှစ်ယောက်ပါ။ ကျွန်တော်တို့ဆီကိုတော့ တရားခံတွေကို လွှဲပြောင်းတာတော့ မရှိသေးပါဘူး” ဟု ယနေ့ညနေက ဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။

သတ်ဖြတ်ခံရသူနှစ်ဦးမှာ ဘူးသီးတောင်မှ ဦးထွန်းလှိုင် (၄၈ နှစ်)နှင့် ဒေါ်လှလှ (၄၈ နှစ်)တို့ဖြစ်ကြပြီး ၎င်းတို့သည် ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်စဉ် ၎င်းတို့နေထိုင်ရာ တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်၊ ခြောက်လမ်း(ခ)ရှိ ကန်ထရိုက်တိုက် ငါးလွှာတွင် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ဇနီးမောင်နှံနှစ်ဦး၏ အလောင်အား ဇူလိုင်လ ၃၁ ရက်နေ့ ည ၇ နာရီကျော်ခန့်က တွေ့ရှိခဲ့ပြီး ၎င်းအမှုနှင့် ဆက်စပ်သူ မသင်္ကာသူအမျိုးသား(၁)ဦးကို စီစီတီဗီကနေတွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့မှ စုံစမ်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဲဒီသေဆုံးသူ ဦးထွန်းလှိုင်တွင် ထိုးသွင်းဒဏ်ရာအများအပြားဖြင့် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ အမျိုးသမီးဖြစ်သူ ဒေါ်လှလှတွင် နားထင်ချိုင့်ဝင်ဒဏ်ရာနှင့် သေဆုံးခဲ့ကြောင်း၊ အခင်းဖြစ်သည့် တိုက်ထဲတွင် လင်မယားနှစ်ဦးသေဆုံးနေသည်ကို ရပ်ကွက်ထဲ နေထိုင်သူများက အဝင်အထွက်မရှိသည်ကို တွေ့ရှိရာမှ မသင်္ကာသဖြင့် သက်ဆိုင်ရာကိုအကြောင်းကြားခဲ့ရာက လင်မယားနှစ်ဦး အသတ်ခံခဲ့ရသည်ကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း (၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးလှမြင့်က မီဒီယာများကို ပြောဆိုသည်။

သူ့အမှုကို လိုက်ပါဆောင်ရွက်နေသူ တစ်ဦးက “ အခု ကျွန်တော်တို့ သတင်းရတာက နှစ်ယောက်ဖမ်းမိတယ်။ လုယက်သွားတဲ့ ပစ္စည်းတွေလည်း မိတယ်လို့ ကြားရပါတယ်။ ရဲတပ်ဖွဲ့ကတော့ တရားဝင် ထုတ်ပြန်တာတော့ မရှိသေးဘူး။ စစ်ဆေးနေတုန်းဖြစ်တယ်။ နောက်မှ ထုတ်ပြန်ပေးမယ်လို့ ပြောပါတယ်” ဟု ပြောကြားသည်။

၎င်းအမှုကိုတိုင်း၊ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ ပူးပေါင်းပြီး အထူးအမှုစစ် အဖွဲ့များဖြင့် စုံစမ်းဖော်ထုတ်ရာမှ တရားခံများကို ဖော်ထုတ် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သိရှိရသည်။

April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...