တစ်နှစ်နီးပါးကြာဖမ်းဆီးခံ ညီအစ်ကိုနှစ်ဦးအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ စာပို့တိုင်ကြား

တစ်နှစ်နီးပါးကြာဖမ်းဆီးခံ ညီအစ်ကိုနှစ်ဦးအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ စာပို့တိုင်ကြား

အိမ်စိုးဖြူ - ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ဖမ်းဆီးခံရပြီးနောက် ၁ နှစ်နီးပါးပျောက်ဆုံးနေသည့် ညီအစ်ကို လူငယ် ၂ ယောက် အတွက် ရခိုင်ပြည်နယ်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ စာပို့ တိုင်ကြားလိုက်သည်ဟု သတင်းရရှိသည်။

“ အဲဒီကလေးနှစ်ယောက်ရဲ့ အမေက ရုံးကိုရောက်လာတယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ကို တိုင်ထားတယ်။ ဦးလေးတို့ကတော့။ လူငယ်တွေရဲ့အမေပြောပြချက်အရတော့ စစ်တွေအကျည်းထောင်မှာ ရှိနေတဲ့သဘောရှိတယ်။ ဒါပေမဲ့ တွေ့ခွင့်မရခဲ့ဘူးလို့သိရတယ်။ သားတွေကို ဖမ်းသွားပြီးတည်းက ၁ နှစ်ပြည့်တော့မယ် တွေ့ခွင့်မရသေးဘူး” ဟု ဦးမြတ်ထွန်းကပြောသည်။

ပျောက်ဆုံးနေသူ ညီအစ်ကို ၂ ဦးမှာ မြေပုံမြို့နယ် ယောချောင်း(ရွာသာယာ)ကျေးရွာနေ မောင်ဝင်းဌေး(၂၉)နှစ်နှင့် မောင်ဌေးဝင်း (၂၈)နှစ်တို့ဖြစ်ကြသည်။

၎င်းတို့ ၂ ဦးမှာ လယ်သမားများဖြစ်ပြီး ၂ဝ၁၉ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က မြန်မာတပ်မတော် စစ်ကြောင်း တစ်ခုမှ ကိုးချောင်းထဲတွင် ကျွဲကျောင်းနေစဉ် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့အထိ ပျောက်ဆုံးနေကြောင်း မိခင်ဖြစ်သူ ဒေါ်မစောတင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဒေါ်မစောတင်က “၁၁ လတောင်ရှိပါပြီ သားလေးတွေ ပျောက်နေတာ။ သူတို့ကို စစ်သားတွေ ဖမ်းသွားပြီးတည်းက အဒေါ်သက်ဆိုင်ရာတွေကို တိုင်ထားပါတယ်။ လွန်ခဲ့တဲ့ ရက်က စစ်တွေထောင်က လွတ်လာတဲ့ လူတစ်ယောက်က ကလေးတွေကိုစစ်တွေ ထောင်ထဲမှာတွေ့ခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့် စစ်တွေကို တက်လာပြီး ထောင်ဝင်စာလာတွေ့ခဲ့တယ်။ ထောင်ကဝန်ထမ်းတွေက မရှိဘူးဆိုပြီး ရှာလည်း မရှာပေးဘူး။ အဒေါ်ကို ပြန်လွတ်လိုက်တယ်။ မကျေနပ်ပါဘူး။ ရှာလို့ရရင် ကြက်ယက်သလို့ယက်ပြီး သားတွေကို ရှာပစ်ချင်တယ်။ ရှာပေးလို့ရရင် ရှာပေးကြပါ”ဟုပြောသည်။

မိခင်ဖြစ်သူ ဒေါ်မစောတင်သည် ဇူလိုင်လ ၂၇ ရက်နေ့က စစ်တွေထောင်ကို သွားရောက်ကာ ထောင်ဝင်စာ တွေ့ခွင့်ပေးရန်တောင်းပန်သော်လည်း တွေ့ခွင့် မရရှိခဲ့ကြောင်းဆက်ပြောသည်။

“ဖမ်းသွားတဲ့နေ့တည်းက တွေ့ခွင့်လည်းမရဘူး။ သတင်းလည်းမရဘူး။ အဒေါ်ရူးမလိုဖြစ်နေပြီ။ ဒီကလေး နှစ်ယောက်ကပဲ ဒီအမေအိုကို လယ်လုပ်ပြီး ရိုးရိုးသားသားရှာဖွေကျွေးမွေးနေတာ။ တစ်ခါတစ်ခါ သားလေးတွေကို ရှာနေမိတယ်။ လူ့အခွင့်အရေးကော်မရှင်မှာတိုင်ဖို့ အဒေါ်ကြိုးစားနေတယ်”ဟု သူမကပြောသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းက ပျောက်ဆုံးသည့် အချိန်က သိရှိခဲ့ကြောင်း နောက်ပိုင်းတွင် ၎င်းမှာ မိသားစုနှင့် အဆက်အသွယ်မရရှိခဲ့ကြောင်းပြောသည်။

“ အဲဒီတုန်းက အဖမ်းခံရတာတော့ ကြားတယ်။ မိသားစုနဲ့ ဦးလေးတို့ နောက်ပိုင်းမှာ အဆက်အသွယ်မရဘူး။” ဟု ဦးဖေသန်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်အား ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

လွန်ခဲ့သည့် ၂ဝ၁၉ ခုနစ်၊ နိုဝင်ဘာ ၁ဝ၊ ၁၁ ရက်များတွင် မြေပုံမြို့နယ်ယောချောင်း ရွာသာယာမှ ငါးဦး၊ ပန္နဲတောင်ကျေးရွာမှနှစ်ဦး၊ အမ်းမြို့နယ် သလူမော်ကျေးရွာက နှစ်ဦးနှင့် ရူးကျေးရွာမှ တစ်ဦးတို့ကို တပ်မတော် စစ်ကြောင်းများမှ ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုဝင်များ ပြောပြချက်အရသိရသည်။

ယင်းနောက် ၎င်းတို့ ၁ဝ ဦးအား ၂ဝ၁၉ ခုနစ် နိုင်ဝင်ဘာ ၁၉ ရက်နေ့တွင် စစ်တပ်က အမ်းမြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကာ ဆက်လက်အမှုရင်ဆိုင်ခဲ့ရပြီး ယင်းအထဲမှ ၄ ဦးမှာ ၂ဝ၂ဝ ခုနစ် ဇွန်လ ၁၈ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သည်။

Most read this week

ဓာတ်ပုံ - (CINCDS) သတင်းနှင့် မသက်ဆိုင်ပါ။ စစ်အုပ်စုတပ်၏ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။
August 24, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်ရေး ပြင်းထန်နေသည့် စစ်အုပ်စု၏ ရေတပ်သည် ပေါက်တောမြို့နယ်၊ အနောက်...
August 24, 2026
စစ်အုပ်စုတပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တို့...
(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...