တောင်ကုတ်မှ ဦးဝေသောင်း၊ ဦးဇေယျကျော်တို့အပါအဝင် ၄ ဦးကိုရုံးထုတ်၊ တရားလိုပြသက်သေနှစ်ဦးကိုစစ်ဆေး

တောင်ကုတ်မှ ဦးဝေသောင်း၊ ဦးဇေယျကျော်တို့အပါအဝင် ၄ ဦးကိုရုံးထုတ်၊ တရားလိုပြသက်သေနှစ်ဦးကိုစစ်ဆေး
Photo by Kyaw Lin Tun Post
Photo by Kyaw Lin Tun Post

ခိုင်လူလှ - ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ လူမှုရေးလှုပ်ရှားဆောင်ရွက်သူ လက်ရှိတောင်ကုတ်မြို့နယ် စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်၊ ယခင်တောင်ကုတ်မြို့နယ် စည်ပင်ဥက္ကဋ္ဌဟောင်း ဦးစန်းငွေနှင့် ဦးဇေယျကျော်၏ ညီဖြစ်သူ ဦးစည်သူကျော်ဇံ(ခ) မိုက်ကယ်တို့ကို သြဂုတ်လ ၄ ရက်နေ့က တောင်ကုတ်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။

သူတို့အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေဒေါ်သင်္ဂီမောင်က “ မနေ့က တရားရုံးထုတ်ပါတယ်။ နေ့လယ် ၂နာရီလောက်မှာ ဖြစ်မယ်ထင်ပါတယ်။ တရားသူကြီးကနေ သံတွဲမြို့၊ ငပလီမြို့၊ ဂျိတ္တောက ရာအိမ်မှူးနှစ်ဦးကို စစ်ဆေးပါတယ်။ အခုတစ်ကြိမ်နဲ့ဆိုရင် ရုံးထုတ်တာ ငါးကြိမ်ခန့်ရှိပါပြီ” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

၎င်းတရားလိုပြသက်သေနှစ်ဦးမှာ ဂျိတ္တောမှ ရာအိမ်မှူးနှစ်ဦးဖြစ်သူ ဦးခင်မောင်ထွေးနဲ့ ဦးမြင့်ဆွေတို့ ဖြစ်ကြသည်။

“ သူတို့နှစ်ဦးနဲ့ ဒီအမှုက ဘယ်လိုပတ်သက်လဲဆိုတော့ ပထမဆုံးအနေနဲ့ သံတွဲမြို့မရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာ။ (ပ) နံပတ်က သံတွဲမြို့မရဲစခန်းရဲ့ (ပ)နံပတ်လေ။ အဲဒီခါကျတော့ သက်ဆိုင်ရာလူတွေရဲ့ ဖုန်းတွေကို သိမ်းတော့ အသိသက်သေအဖြစ် ဂျိတ္တောက ရာအိမ်မှူးတွေကို ခေါ်ပြီး အသိသက်သေ အဖြစ် လက်မှတ်ထိုးခဲ့တဲ့အတွက် သူတို့က အသိသက်အဖြစ် ပါဝင်နေတာဖြစ်ပါတယ်” ဟု သူမ ပြောကြားသည်။

သူတို့လေးယောက်၏ အမှုကို နောက်လာမည့် သြဂုတ် ၁၂ ရက်နေ့ကို ရုံးချိန်းပေးလိုက်သည်ဟု သိရသည်။

ဖမ်းဆီးခံထားသူ ဦးဝေသောင်း၊ ဦးဇေယျကျော်၊ ဦးစန်းငွေနှင့် ဦးစည်သူကျော်ဇံ(ခ) မိုက်ကယ်တို့ ၄ ဦးကို အကြမ်းဖက်မှု ပုဒ်မ ၅၂ (က) ဖြင့် တောင်ကုတ်မြို့နယ်တရားရုံးတွင် ဇွန် ၃ဝ ရုံးထုတ်တရားစွဲတင်ခဲ့သည်။

ဦးဝေသောင်း၊ ဦးဇေယျကျော်နှင့် ဦးစန်းငွေတို့ သုံးဦးအား မေလ ၁၁ ရက်နေ့တွင်တစ်ကြိမ်၊ မေလ ၂၄ ရက်နေ့တွင် မြောက်ဥက္ကလာက မြို့နယ် တရားရုံးတွင် တစ်ကြိမ်၊ သူတို့ ၃ ဦးနှင့် ကိုစည်သူကျော်ဇံ(ခ) မိုက်ကယ် အပါအဝင် ၄ ဦးကို ဇွန်လ ၂ ရက်နေ့က သံတွဲမြို့နယ် တရားရုံးတွင် တစ်ကြိမ် နှင့် ဇွန်လ ၁၆ ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း ရမန် ၄ ကြိမ်ယူပြီးနောက် ဇွန်လ ၃ဝ ရက်နေ့က တရားစွဲဆိုခြင်း ဖြစ်သည်။

ယခုစွဲဆိုသော ပုဒ်မ ၅၂ (က)မှာ အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်ချမှတ်နိုင်သော ပုဒ်မ ဖြစ်ကြောင်း သူတို့ အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေ ဦးတင်ညိုက ပြောသည်။

“ သူတို့ ၄ ဦးကို အကြမ်းဖက်မှု ပုဒ်မ ၅၂ (က)၊ (ဈ)၊ (ည) တို့နဲ့ ချုပ်ရမန် ၄ ကြိမ် ယူခဲ့ပါတယ်။ သူတို့ကို ရန်ကုန် အောင်သပြေ စစ်ကြောရေးအထိ ခေါ်ယူပြီး စစ်ဆေးခဲ့ပါတယ်။ အခုနောက်ပိုင်းတွင် ၎င်းပုဒ်မတွေနဲ့ ငြိစွန်းမှု မရှိတော့တဲ့အခါ နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်း ခံရတဲ့ ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်နွယ်ပတ်သက်နေတယ်။ အထောက်အကူပေးတယ် ဆိုပြီးတော့ တောင်ကုတ်မြို့နယ် တရားရုံးမှာ ၅၂ (က) နဲ့ တရားစွဲဆိုတာဖြစ်ပါတယ်” ဟု ဦးတင်ညိုက ပြောသည်။

တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်ကို မေလ ၉ ရက်နေ့ ဖမ်းဆီးပြီး စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဦးစန်းငွေကို မေလ ၁ဝ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌဦးဝေသောင်းမေလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ဦးဇေယျကျော်၏ ညီဖြစ်သူ ကိုစည်သူကျော်ဇံ(ခ)ကိုမိုက်ကယ်ကို မေလ ၂၄ ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခဲ့သည်။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...