ရခိုင်ပြည်နယ်က မြို့နယ် ၇ ခုနှင့် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်အသုံးပြုခွင့်ပြန်လည်ရရှိ

ရခိုင်ပြည်နယ်က မြို့နယ် ၇ ခုနှင့် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်အသုံးပြုခွင့်ပြန်လည်ရရှိ

ထွန်းခိုင် - အင်တာနက်ပိတ်ထားခံရသော ရခိုင်ပြည်နယ်က မြို့နယ် ၇ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်အသုံးပြုခွင့် ပြန်လည် ရရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အင်တာနက်လိုင်း ပြန်လည်ရရှိသည့် မြို့နယ်များမှာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များဖြစ်ကြသည်။

ရခိုင်တွင်မြို့နယ် ၈ ခုတွင် အင်တာနက်ဒေတာ အသုံးပြုခွင့်ကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က စတင် ပိတ်ထားခဲ့သော်လည်း မောင်တောမြို့နယ်တွင် ၂ဝ၂ဝ မေလ ၂ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီး ၃ လ အကြာတွင် ကျန်မြို့နယ်များတွင် ပိတ်ထားသည့် အင်တာနက်အသုံးပြုခွင့်ကို ပြန်လည် ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ဘူးသီးတောင်မြို့မှ လူမှုရေးဆောင်ရွက်နေသူ ကိုဇော်ဝင်းက “ မနေ့က ညနေ ပိုင်းမှာ MPT က ဖုန်း message တစ်ခုဝင်ပါတယ်။ သြဂုတ်လ ၁ ရက်နေ့ ည ၁ဝ နာရီကနေ အင်တာနက်အသုံးပြုလို့ ရပြီဖြစ်တဲ့အကြောင်း၊ ဒါပေမယ့် လိုင်းက သိပ်မကောင်းသေးဘူး။ 2G လောက်ဘဲ ရသေးတယ်” ဟု ပြောကြားသည်။

အင်တာနက်လိုင်းများ ပြန်လည်ရရှိသည်ဟုဆိုသော်လည်း လိုင်းအား မကောင်းသဖြင့် အင်တာနက် သုံးစွဲရခြင်းမှာ အဆင်မပြေသေးကြောင်း တစ်ခြားမြို့နယ် ဒေသခံများမှလည်း ပြောဆိုကြသည်။

ကျောက်တော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “ ဘယ်အချိန်က စဖွင့်လဲတော့ မသိဘူး။ မနေ့ ညကတော့ အင်တာနက်လိုင်းရဖို့ဆိုပြီးတော့ ပြောသံကြားတယ်။ ဒီနေ့မနက်စောစောက ဖွင့်ကြည့်တော့ အဆင်မပြေသေးဘူး။ လိုင်းရတယ်လို့ပြောတာ ဘာတစ်ခုမှကြည့်လို့မရဘူး။ လိုင်းမရတာနဲ့ အတူတူဘဲ ဖြစ်နေသေးတယ် ”ဟု ပြောသည်။

အလားတူ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း အင်တာနက်လိုင်း ရသော်လည်း လိုင်းအားမကောင်းကြောင်း ပြောသည်။

ရသေ့တောင်မြို့နယ်မှ ဒေသခံများက “ မနေ့ ညနေ ၁ဝ နာရီလောက်ကတော့ အင်တာနက်လိုင်း ရဖို့ဆိုပြီးတော့ message ဝင်လာတယ်။ ဒါပေမယ့် ဒီနေ့ မနက်ထိတော့ မရသေးဘူး။ ” ဟုပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်ကလည်း ပလက်ဝဒေသတွင် အင်တာနက်ပြန်လည်ရရှိခြင်းကို ပြောသံကြားပြီး လိုင်းအားကောင်း၊ မကောင်းကို မသိရရှိကြောင်း ပြောသည်။

AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့်တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းကြောင့် အစိုးရအနေဖြင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ်ရှိ (၈) မြို့နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် (၁) မြို့နယ်တို့တွင် အင်တာနက်ဝန်ဆောင်မှုများကို ယာယီဖြတ်တောက်ထားရန် ၂ဝ-၆-၂ဝ၁၉ ရက်တွင် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

၂ဝ၁၉ သြဂုတ် ၃၁ ရက်နေ့တွင် ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် မြေပုံမြို့နယ် ၄ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်ပြန် ဖွင့် ပေးခဲ့သော်လည်း ၂ဝ၂ဝ ဖေဖော်ဝါရီတွင် ထပ်မံ ဖြတ်တောက် ခဲ့သည်။

အင်တာနက်အသုံးပြုမှုကို ပိတ်ထားခံခဲ့ရသဖြင့် ဒေသအတွင်း စီးပွားရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်မှ ထိခိုက်နစ်နာမှုများ ပေါ်ပေါက်ခဲ့သဖြင့် ပြည်တွင်း၊ ပြည်ပ ဆန့်ကျင် ကန့်ကွက်မှုများလည်း ပေါ်ပေါက်ခဲ့သည်။ အထူးသဖြင့် ကိုဗစ်ကာလ ဖြစ်သဖြင့် အင်တာနက်အသုံးပြုခွင့်ကို ဖွင့်ပေးရန် ကုလသမဂ္ဂအဖွဲ့အစည်းကြီး အပါအဝင် နိုင်ငံတကာအဖွဲအစည်းများမှ တောင်းဆိုခဲ့သည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...