ကျရောက်လာမည့် နိုဝင်ဘာလ (၈) ရက်နေ့ ပါတီစုံရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာ ပါတီ (၅) မှကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ (၁) ဦးတို့မှ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ လာလ်ရင်မွန်၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆန်ထောင်းထန်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးကပ်ခန့်ခွာလ်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဦး လာလ်ဘွဲ့ဘိတ်၊ ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးထန်းဆဲလ်းလာနှင့် တစ်သီးပုဂ္ဂလအနေဖြင့် ဦး လာလ်ထန်ကြွမ်းတို့မှ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါအကြောင်းနဲ့ပတ်သက်ပြီး ကလေးမြို့အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းတွင် တက်ကြွလုပ်ရှားနေသည့် အဖွဲ့အစည်းများမှ သူတို့အမြင်များကို ယခုလိုဆိုသည်။
Andrew Tatuang (ချင်းမာတာ)က “မစည်းလုံးဘူးဆိုပြီး မြင်တဲ့သူတွေကတော့ သူတို့အနေနဲ့ မြင်နိုင်တာပေါ့၊ တစ်ဖက်ကပြောရင် လက်ရှိတိုင်းရင်းသားရေးဝန်ကြီးကတော့ ရွေးကောက်ခံဝန်ကြီးလေ၊ ဝန်ကြီးတန်းဖြစ်မဲ့သူဆိုတော့ သူ့ရဲ့ခံစားခွင့်ကလည်းကြီးတာကို အဲဒါလည်း တစ်ပိုင်းဖြစ်မယ်၊ နောက်တစ်ခုက ၂၀၁၀၊ ၂၀၁၅ ခုနှစ်မှာ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးရှိတယ်၊ ကျောင်းသားတွေ ဘွဲ့လက်မှတ်ကိစ္စ သူတို့တွေဘာလုပ်နေမှန်းတောင် မသိလိုက်ရဘူး၊ ပြီးတော့ ကိုဗစ်ကာလမှာ ခိုင်ကမ်းမှာ တော်တော်ပြဿနာတက်တယ် ဝန်ကြီးအမှီးတောင် မမြင်လိုက်ဘူး၊ ဆိုတော့ အခုရွေးကောက်ပွဲ ဝင်ပြိုင်မဲ့သူတွေထဲမှာ ၅၀ ရာခိုင်းနူန်းကတော့ အရင်ကဝန်ကြီးတွေကို အားမရလို့ ဖြစ်မယ်လို့ ကျွန်တော်မြင်တယ်၊ အခုဟာက တိုင်းရင်းသားရေးရာဝန်ကြီးကို လစာရအောင် မဲပေးရုံလေးနဲ့သွားတူနေတယ်” ဟုဆိုသည်။
Sui Khar (ချင်းလူငယ်၊) က “ကျွန်တော်တို့ ပါတီမတူရင်တောင်မှ တစ်ဦးကတော့ရွေးရမယ်၊ အခုလိုကိုယ်စားလှယ်လောင်းများနေတာ လက်ခံမခံဆိုရင် လက်မခံဘူး၊ မဲတွေကလည်းကွဲကုန်တော့မယ် ကိုယ့်လူမျိုးအချင်းချင်းပြန်တိုက်နေရတော့မယ်၊ ဖြစ်စေချင်တာကတော့ တစ်ပါတီမဟုတ်ရင်တောင်မှ ကိုယ့်ဦးဆောင်မဲ့သူကို တစ်ဦးတည်းအတူရွေးစေချင်တယ်”
Ni Lian Sang (တာဟန်းတက်ကြွလူငယ်) “ဒါကတော့ ဘယ်လိုပြောမလဲ ကိုယ့်အိုင်ဒီယာနဲ့ကိုယ်ပဲဆိုတော့ ကိုယ်နဲ့ပေါင်းဖက်လို့ရတဲ့ပါတီထဲမှာ ပေါင်းဖက်လို့ရလို့ ဝင်ပြိုင်တယ်ဆိုတာက ထုံးစံပေါ့၊ အကြောင်းကြောင်းကြောင့် ကိုယ့်ပါတီထဲမှာ ဝင်ပြိုင်လို့မရဘူးဆိုရင်လဲ သူနဲ့သဘောထားချင်းမတိုက်ဆိုင်လို့ သူ့အနေနဲ့တော့ သူ့အခွင့်အရေးပေါ့၊ ကျွန်တော်အမြင်မှာတော့ ချင်းတွေကမျိုးကွဲအရမ်းများလွန်းအားကြီးတယ်၊ စကားမတူတာကအစပေါ့၊ ဆိုတော့ တစ်ဖွဲ့ခြင်းစေဖြစ်ကုန်တာပေါ့၊ တစ်ကယ်ဖြစ်သင့်တာကတော့ ချင်းတွေအားလုံး ကိုယ်စားပြုတဲ့ဟာဆိုရင် ဖြစ်သင့်တာပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့မျိုးကွဲများတော့ အခုလိုများတာဖြစ်မယ်၊ အနေအထားက အဲလိုဆိုတော့ လက်မခံလို့လဲမရဘူး”
Bawi Lian Khum (ချင်းလူမူရေးအသင်း၊ ဗဟိုအတွင်းရေးမှူး) “ကျွန်တော်တို့ မြန်မာနိုင်ငံက ပါတီစုံဒီမိုကရေစီစနစ်ဆိုတော့ ကောင်းပါတယ်၊ အကောင်းဆုံးကတော့ ချင်းလူမျိုးတွေ တစ်ပါတီနဲ့တစ်ပါတီ ညီညီညွတ်ညွတ်နဲ့ ဦးဆောင်နိုင်တဲ့သူကို နေရာပေးရင်တော့အကောင်းဆုံးပေါ့၊ ဒါပေမဲ့ အခုပါဝင်ယှဉ်ပြိုင်မဲ့သူတွေလည်း ချင်းလူမျိုးတွေကို ကူညီချင်တဲ့သူနှင့် ဖွံ့ဖြိုးရေးလုပ်ချင်တဲ့သူတွေပါပဲ၊ ပါတီစုံဒီမိုကရေစီဆိုတော့လည်း အခုလိုဖြစ်တာပါ”
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ ချင်းတိုးတက်ရေးပါတီမှ အနိုင်ရရှိပြီး ဝန်ကြီး ဦးနိုးထန်ကပ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအနိုင်ရရှိပြီး ဝန်ကြီးဦးလားထောင်ထန်တို့ဖြင့် ဦးဆောင်ခဲ့ကြောင်းသိရသည်။







