လာမည့် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း ပါတီတစ်ခုတည်းမှ အပြတ်အသတ်အနိူင်ရရှိပြီး အစိုးရဖွဲ့နိုင်ရန် ခက်ခဲမည်ဟု ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီ (USDP) ဥက္ကဌ ဒေါက်တာမူထန်းကပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုအနေဖြင့် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) မှ (NLD) ဖြစ်ခဲ့ကြသော်လည်း ၎င်းတို့အစိုးရ (၅) နှစ်တာကာလအတွင်း လုပ်ကိုင်ဆောင်ရွက်ခဲ့မှုအပေါ် ပြည်သူလူထုအနေဖြင့် အားမလိုအားမရမှုတွေရှိခဲ့ကြသည့်အတွက် ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ အလားအလာနည်းပါးကြောင်း ဒေါက်တာမှုထန်က သုံးသပ်သည်။
ဒေါက်တာ မှုထန်းက “ပါတီတစ်ခုထဲအနေနဲ့အစိုးရဖွဲ့ဖို့ဆိုတာ နည်းနည်းခက်နိုင်မယ်လို့ကျွန်တော်မြင်တယ်၊ NLD ပါတီက ၂၀၁၅ လိုတော့ သူတို့ကို လူတွေက စိတ်ထဲမှာ မကျန်တော့ဘူးလေ၊ ၅ နှစ်နီးပါး သူတို့လုပ်ကိုင်ဆောင် ရွက်တဲ့နေရာတွေမှာ အားမရတာတွေ၊ မကျေနပ်တာတွေရှိတာ အများကြီးရှိတာကိုး၊ ၂၀၁၅တုန်းကတော့ NLD မှ NLD ဆိုတဲ့စိတ်က လူတိုင်းမှာရှိတယ်၊ ဒီတခါမှတော့ အဲ့လို မဟုတ်တော့ဘူးလို့ ဒါကြောင့် ပါတီတခုထဲအနေနဲ့ အစိုးရဖွဲ့နိုင်မယ်မထင်ဘူး” ဟု ပြောသည်။
မဲဆန္ဒနယ်မြေ (၃၉) နေရာရှိသည့် ချင်းပြည်နယ်တွင် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) က မဲဆန္ဒနယ်မြေ (၂၈) နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီက မဲဆန္ဒနယ်မြေ (၆) နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီက (၅) နေရာအသီးသီး ရရှိခဲ့ကြခြင်းဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် လာမည့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီကို ဦးစားပေးသည့်အနေဖြင့် ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေ (၂) နေရာချန်ထားကာ ကျန်မဲဆန္ဒနယ်မြေအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဒေါက်တာမှုထန်းကပြောသည်။
“ကျွန်တော်တို့ တပြည်နယ်လုံးမှာ နေရာ ၂ နေရာတော့ ပေးမယ် အကြောင်းရင်းကတော့ တိုင်းရင်းသားပါတီကို ဦးစားပေးလို့လေ။ သူတို့ကို နိုင်စေချင်တဲ့သဘောပါ” ဟု ပြောသည်။
မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (Myanmar Alliance for Transparency and Accountability-MATA) ၏ ချင်းပြည်နယ်တာဝန်ခံ ကို Andrew Thatuang ကလည်း လာမယ့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီတစ်ခုတည်းက အနိုင်ရပြီး အစိုးရဖွဲ့နိုင်မည့်အလားအလာ မမြင်ရကြောင်း သုံးသပ်သည်။
“လူထုကလည်းပဲ ရွေးကောက်ပွဲ သက်တမ်း ၂ ခုလောက်ရှိလာပြီဆိုတော့ နိုင်ငံရေးအသိ ရေချိန်မြင့်လာပြီ ဘယ်လိုလူမျိူးကို အားကိုးလို့ရသလဲ၊ လူထုကိုယ်စား တကယ်လုပ်ကိုင်နိုင်တဲ့သူက ဘယ်သူလဲဆိုတာ လူထုက တွေးတတ်သွားပြီ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲအခင်းအကျင်းက လူပေါ်အခြေခံလိမ့်မယ် ဒီတော့ လွှတ်တော်ရော အစိုးရအဖွဲ့ရော ကာလာစုံလာမယ်လို့ထင်တယ်’’ ဟု ကို Andrew Thatuang ကပြောသည်။
ချင်းနိုင်ငံရေးပါတီ (၃) ခုဖြစ်သည့် (CNDP, CPP, CLD) ပါတီတို့သည် (CNLD) ပါတီအနေဖြင့် ပူးပေါင်းဖွဲ့စည်းကာ ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် NLD နှင့် USDP ပါတီအတွက် အဓိကအင်အားကြီး ပြိုင်ဘက်ဖြစ်လာမည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။
၂၀၁၅ ရွေးကောက်ပွဲတုန်းက ချင်းပြည်နယ်တွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) စသည့်ပြည်မနိုင်ငံရေးပါတီကြီးများအပါအဝင် ဒေသခံ ချင်းနိုင်ငံရေးပါတီတွေဖြစ်ကြသည့် ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီ (CNDP)၊ ချင်းတိုးတက်ရေးပါတီ (CPP)၊ ချင်းဒီမိုကရေစီအဖွဲ့ ချူပ် (CLD)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD)၊ တိုင်းရင်းသားလူမျိူးများဖွံဖြိုးရေးပါတီ (ENDP)၊ ဇိုတိုင်းရင်းသား ဒေသဖွံ့ဖြိုးရေး ပါတီနဲ့ ခူမီး (ခမီး) အမျိူးသားပါတီအပြင် ရခိုင်အမျိူးသားပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။







