အိန္ဒိယရောက် မြန်မာယက္ကန်းလုပ်သားများ လုပ်ငန်းပြတ်လတ်မှုကြောင့် နေရပ်ပြန်သူများပြား

အိန္ဒိယရောက် မြန်မာယက္ကန်းလုပ်သားများ လုပ်ငန်းပြတ်လတ်မှုကြောင့် နေရပ်ပြန်သူများပြား

ရစ်ချက် – မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ အရှေ့မြောက် မီဇိုရမ်ပြည်နယ်နှင့် မဏိပူရ် ပြည်နယ် တို့တွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာယက္ကန်း လုပ်သားများသည် Covid-19 ဂယက်ကြောင့် လုပ်ငန်းပြတ်လတ်မှု များလာပြီး ကိုယ့်အစီစဉ်ဖြင့် နေရပ်ပြန်သွားကြသူများပြားလာကြောင်း သိရသည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် Covid-19 ကြောင့် Lockdown ချထားမှု (၃) လ ကျော်ရှိနေပြီဖြစ်ကာ အလုပ်ရှင်များမှ လုပ်ငန်းများ မချပေးနိုင်တော့သည့်အတွက် လုပ်ငန်းပြတ်လတ်သော လုပ်သားများစွာရှိသည့်အပြင် အခြားသောအခက်အခဲအမျိုးမျိုးကြောင့် လတ်တလော နှစ်ပတ်အတွင်း အယောက် (၁၀၀) ခန့်သည် ကိုယ့်အစီစဉ်ဖြင့်နေရပ်ပြန်သွားကြပြီဟု မြန်မာယက္ကန်းသမားတစ်ဦးက ယခုလို ပြောသည်။

“Lockdown ချထားတာကလည်း (၃) လကျော်ရှိပြီဆိုတော့ အခြေအနေက မတူကြဘူး။ လုပ်ငန်းချပေးနိုင်တဲ့ အလုပ်ရှင်တွေရှိသလို လုံးလုံးကို မချပေးနိုင်တော့တဲ့ အလုပ်ရှင်တွေလည်းရှိတယ်။ စားစရိတ်ရရုံလောက်ဘဲ အလုပ်ကို လုပ်ခိုင်းတဲ့ အလုပ်ရှင်တွေလည်းရှိတယ်။ အများသောအားဖြင့် လုပ်ငန်းပြတ်လတ်မှုကြောင့် ပြန်ကြတာများတယ်။ တချို့က သားသမီးတွေကျောင်းအပ်ဖို့ ပြန်ကြတယ်။ ပြီးခဲ့တဲ့အရင်ပတ်က ကား (၇) စီးနဲ့ အယောက် (၆၀) ကျော် ပြန်တယ်။ ပြီးခဲ့တဲ့အပတ်က ကား (၅) စီးနှင့် အယောက် (၅၀) လောက်ထပ်ပြီးတော့ ပြန်တယ်။ နောက်ထပ် ပြန်မယ့်သူ တွေလည်း အများကြီးရှိသေးတယ်’’ ဟု အထက်ပါယက္ကန်းသမားကပြောသည်။

နေရပ်ပြန်သွားကြသည့် မြန်မာယက္ကန်းသမားများသည် မြန်မာ-အိန္ဒိယချစ်ကြည်ရေးတံတား ရိ-ဇိုခေါထား ဂိတ်ပိတ်ထားမှုကြောင့် အောက်လမ်းမှ (၃) နာရီကျော် မိမိအထုတ်အပိုးများထမ်းကာ နယ်စပ်ကိုဖြတ်ကျော်ကြရသည်ဟု နေရပ်ပြန်သွားသူတစ်ဦးကပြောပြသည်။

“နှစ်နိုင်ငံချစ်ကြည်ရေးတံတားပေါ်ကနေပြန်လို့မရတော့ ကျနော်တို့စီးတဲ့ကားက နယ်စပ်အထိမသွားဘူး။ နယ်စပ် မရောက်ခင် Melbuk ကျေးရွာ(မီဇိုရမ်ဘက်)မှ ဆင်းရတယ်။ အဲဒီကနေ ချင်းပြည်နယ် နယ်စပ်ဘက်ရောက်ဖို့ မိမိအထုတ်အပိုးတွေကိုထမ်းပြီး (၂) နာရီကျော် ခြေလျှင်နဲ့သွားရတယ်။ မိုးတွင်းဆိုတော့ ချောင်းရေကလည်း နည်းနည်းကြီးတယ်၊ ရင်ဘတ် လောက်အထိရှိတယ်။ အမျိုးသမီးတွေနှင့်ကလေးတွေလည်းပါတော့ စိုးရိမ်ရတာပေါ့။” ဟု ၎င်းကပြောသည်။

မီဇိုရမ်အခြေစိုက် မြန်မာလူမှုရေးအသင်းအဖွဲ့အနေဖြင့် မြန်မာယက္ကန်းအလုပ်သမားများ တရားဝင်ပြန် နိုင်ရေးအတွက် အလုပ်သမားနာမည်စာရင်းများကောက်ယူကာ မီဇိုရမ်ပြည်နယ်အစိုးရသော်လည်းကောင်း၊ စစ်ကိုင်းတိုင်းအစိုးရထံသော်လည်းကောင်း တင်ပြထားပြီဖြစ်သော်လည်း ယခုအချိန်အထိ အကောင်ထည်ဖော်ဆောင်ပေးခြင်းမရှိသေးဘူးဟု

မြန်မာလူမှုရေးအသင်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက ခိုနူမ်းသုန်ကိုပြောသည်။

“မြန်မာလူမှုရေးအသင်းအနေနဲ့ ကိုယ့်နိုင်ငံသားတွေ ခုလိုအောက်လမ်းကနေပြန်သွားကြတာ စိုးရိမ်တယ်။ ငွေလည်း ကုန်တယ်၊ အန္တာရာယ်လည်းများတယ်။ ဒါကြောင့် တရားဝင်ပြန်နိုင်အောင် အလုပ်သမားစာရင်းတွေကို ကောက်ယူပြီး မီဇိုရမ်အစိုးရကိုတင်ပြထားတယ်။ မီဇိုရမ်အစိုးရဘက်ကတော့ အဆင်ပြေတယ်။ မြန်မာပြည်ဘက်က နယ်စပ်အထိ လာကြိုရင် လွတ်ပေးမယ်လို့ပြောတယ်။ အလုပ်သမားအများစုက မုံရွာနယ်ကလူတွေဖြစ်တဲ့အခါမှာ စစ်ကိုင်းတိုင်း အစိုးရကိုလည်း တောင်းခံထားတယ်။ ခုချိန်ထိတော့ ဘာအကြောင်းပြန်မှုမှမရှိသေးဘူး။”ဟု မြန်မာ့လူမှုရေးအသင်းပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မဏိပူရ် ပြည်နယ်အတွင်းနေထိုင်ကြသော မြန်မာယက္ကန်းလုပ်သားများသည်လည်း Covid-19 ဂယက်ကြောင့် လုပ်ငန်းများပြတ်လတ်ပြီး အခက်အခဲ များစွာကြုံတွေနေကြရကြောင်း မဏီပူပြည်နယ် Churachandpur မှာနေထိုင်တဲ့ မြန်မာယက္ကန်းအလုပ်ရှင်က ယခုလိုပြောသည်။

“လုပ်ငန်းပြတ်တာက (၃) လ လောက်ရှိပြီး။ ကျနော်တို့ခတ်တဲ့အထည်တွေက တခြားမြို့မှာပေးသွင်းရတော့ ဒီကာလ မှာက ဘယ်မှသွားလို့မရတော့ အထည်တွေလည်း မပေးနိုင်ဘူး။ မဏီပူရ်ပြည်နယ်က ယက္ကန်းအလုပ်ရှင်အများစုဟာ ကိုယ့်မြန်မာနိုင်ငံသားတွေဖြစ်နေတော့ ပိုပြီးအခက်တွေ့တာပေါ့။ အခုရက်ပိုင်း စစ်ကိုင်းတိုင်းအစိုးရက တရားဝင် ပြန်ခေါ်တော့ ပြန်ကြတဲ့သူတွေများတယ်။ အယောက် (၂၀၀) လောက်တော့ ကျန်သေးတယ်” ဟု ၎င်းက ပြောသည်။

မီဇိုရမ်ပြည်နယ်နှင့် မဏိပူရ်ပြည်နယ်တွင် အလုပ်လုပ်နေကြသည့် ယက္ကန်းသမားအများစုသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ နှင့် ရွှေဘိုမြို့နယ်တို့မှဖြစ်ကြပြီး ၎င်းတို့တရားဝင်နေရပ်ပြန်နိုင်ရေးနှင့် ပတ်သက်၍ မြန်မာ့လူမှုရေးအသင်းမှတဆင့် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ထံသို့ အကူအညီတောင်းခဲ့ရာ တမူး-မိုးလေဘက်မှ ပြန်လာမည်ဆိုပါက နယ်စပ်အထိ တာဝန်ယူကြိုဆိုနိုင်သော်လည်း ရိ-ဇိုခေါထားနယ်စပ်မှပြန်လာမည်ဆိုပါက ချင်းပြည်နယ်အတွင်းဖြစ်သည့်အတွက် နယ်စပ်အထိကြိုဆိုရန်ခက်ခဲကြောင်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ကပြောဆိုခဲ့သည်။

Most read this week

December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...