ချင်းဝါရင့်နိုင်ငံရေးသမား ပူးကျင့်ရှင်းထန် လာမည့်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်

ချင်းဝါရင့်နိုင်ငံရေးသမား ပူးကျင့်ရှင်းထန် လာမည့်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်

လားနွန် – ချင်းဝါရင့် နိုင်ငံရေးသမားတစ်ဦးလည်းဖြစ် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ပါတီ ဥက္ကဌ ပူးကျင့်ရှင်းထန်သည် လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ZCD ပါတီအတွင်းရေးမှူး ပူးဂင်ကမ်းလျန်ကပြောသည်။

“သူကအသက်လည်းကြီးနေပြီလေ အသက်က (၈၀) ကျော်ပြီ အသက်ရွယ်ကြောင့်ပါအဓိကတော့ သူကိုတိုင်ဝင်ပြီးတော့ အရွေးမခံချင်တော့လို့ပါ ” ဟု ZCD အတွင်းရေးမှူး ပူးဂင်ကမ်းလျန်ကပြောသည်။

အသက် (၈၂) နှစ်အရွယ်ရှိပြီဖြစ်သည့် ပူးကျင့်ရှင်းထန်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် တီးတိန်မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်သည်။

ပူးကျင့်ရှင်းထန်သည် ၁၉၉၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်လည်း Zomi National Congress (ZNC) ပါတီအနေဖြင့် တီးတိန်မြို့နယ်မဲဆန္ဒနယ်မှ ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

သို့သော်လည်း ZNC ပါတီသည် ယခင်စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်တွင် ဖျက်သိမ်းခံခဲ့ရပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြန်လည်မှတ်ပုံတင်ရာတွင် ZNC အမည်နှင့် လက်မခံတော့သည့်အတွက် ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD အနေဖြင့် ပြန်လည်မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် Zomi Congress For Democracy (ZCD) ပါတီအနေဖြင့် ချင်းပြည်နယ်၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကာ (၆) နေရာ အနိုင်ရခဲ့ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့တွင်လည်း ဝန်ကြီး (၁) နေရာ ရရှိခဲ့သည်။

ယခုလာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ZCD ပါတီအနေဖြင့် ချင်းပြည်နယ် တီးတိန်၊ တွန်းဇံမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးနှင့် ကလေးမြို့နယ်အပါအဝင် စုစုပေါင်း မဲဆန္ဒနယ်မြေ (၁၁) နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ZCD ပါတီအတွင်းရေးမှူး ပူးဂင်ကမ်းလျန်ထံမှသိရသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...