ချင်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်ဟုဆိုကာ ဝေဘူလတောင်တွင် ကုမ္ပဏီတစ်ခုက သတ္တုတူးဖော်ရေး ဆောင်ရွက်နေ

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်ဟုဆိုကာ ဝေဘူလတောင်တွင် ကုမ္ပဏီတစ်ခုက သတ္တုတူးဖော်ရေး ဆောင်ရွက်နေ

လားနွန် – ချင်းပြည်နယ် ဖလမ်းခရိုင် ဆီးယင်းသစ်တောကြိုးဝိုင်းဧရိယာအတွင်း တည်ရှိသည့် ဝေဘူလတောင်တွင် ဖိုးလမင်းသာသာကုမ္ပဏီက ချင်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်ဟုဆိုကာ သတ္တုတူးဖော်မှုဆောင်ရွက်နေသည်ဟု စုံစမ်းသိရှိသည်။

ဝေဘူလတောင်သည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး နယ်နိမိတ်အနီးတွင်တည်ရှိပြီး ကုမ္ပဏီတာဝန်ရှိသူများက လုပ်ငန်းအကောင်အထည်ဖော်သည့်အနေဖြင့် လမ်းဖောက်လုပ်ခြင်း၊ အဆောက်အဦးတည်ဆောက်ခြင်းများရှိလာသည့်အတွက် စစ်ကိုင်းတိုင်းဘက်မှ ကျေးရွာတစ်ချိူ့က ကန့်ကွက်မှုရှိလာ သည့်အတွက် ယနေ့တွင် ကလေးမြို့နယ်အုပ်ချူပ်ရေး တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများက သွားရောက်ကွင်းဆင်း စစ်ဆေးမှုပြုလုပ်ခဲ့ကြသည်ဟု အထက်ချင်းတွင်လူငယ်များကွန်ယက် ဦးကျော်သက်ဝင်းကပြောသည်။

“ဒေသခံတွေကန့်ကွက်တဲ့အခါကျမှ စစ်ကိုင်းတိုင်းဘက်ကသိတယ် ဒီဧရိယာက ဆီးယင်းကြိုးဝိုင်းထဲမှာပါနေတယ်။ အဲဒီမှာ လုပ်ကွက်ပေါင်း (၁၄) ခုချထားတယ် အခုတော့ ပြည်နယ်အစိုးရသဘောထားမှတ်ချက်နဲ့ ကျနော်တို့သိထားတာက လုပ်ကွက် (၄) ခုလောက်ကတော့ ပြည်နယ်အစိုးရ သဘောထားမှတ်ချက်ပေးပြီးပြီသိရတယ်၊ ဘာတွေမှတ်ချက်ပေးတာလဲတော့မသိရဘူး ဒါပေမဲ့ စစ်ကိုင်းဘက်က ဒါနဲ့ပတ်သက်ပြီး လက်မခံဘူး၊ ကုမ္ပဏီဘက်ကတော့ ချင်းပြည်နယ်အစိုးရက သဘောထားမှတ်ချက်ပေးတဲ့အတွက် သူတို့ဆောက်တာလို့ပြောတယ်၊ အဲဒါကျနော်တို့က ခွင့်ပြုချက်အမိန့်တွေပြပေါ့ တောင်းတာပေါ့ ချင်းပြည်နယ်အစိုးရခွင့်ပြုတယ်ဆိုရင် စစ်ကိုင်းတိုင်းအစိုးရခွင့်ပြုတယ်ဆိုရင် သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေပြဆိုတော့ သူတို့မပြနိုင်ဘူး၊ အဲဒီအတွက်ကြောင့် ကျနော်တို့ အခုဆောက်ထားတဲ့ အဆောက်အဦးတွေဖျယ်ရှားပေးဖို့နဲ့ ဖျက်သိမ်းပေးဖို့ကျနော်တို့ ဒီနေ့မှတ်ချက်ပြုတယ်” ဟု ဦးကျော်သက်ဝင်းကပြောသည်။

ဖိုးလမင်းသာသာ ကုမ္ပဏီအနေဖြင့် အဆိုပါဝေဘူလတောင်တွင် ခရိုမိုက်တူးဖော်ရေးလုပ်ငန်းဆောင်ရွက်ပါက တောင်ခြေရှိ စစ်ကိုင်းတိုင်းဘက်ခြမ်းမှ လယ်ယာမြေအမြာက်အများ ပျက်စီးဆုံးရှုံးနိုင်သည်ဟုဆိုကာ ကျေးရွာအုပ်စု (၃) အုပ်စု ငါးဖားအုပ်စု၊ နတ်ချောင်းအုပ်စုနှင့် ထောက်ကြံ့အုပ်စုတို့မှ ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရမှ ဘယ်သတ္တုလုပ်ငန်းမှ ခွင့်ပြုထားခြင်းမရှိဘဲ ပြည်နယ်အစိုးရမှ သတ္တုလုပ်ကွက်စီစစ်ရေးရာ အသေးစားနှင့် လက်လုပ်လက်စားသာ ခွင့်ပြုချက်ပေးလို့ရကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ သစ်တောရေးရာဝန်ကြီး ဦးမာန်ဟင်းဒါလ်ကပြောသည်။

“ကျနော်ပြောမယ် ချင်းပြည်နယ်အစိုးရက ဘယ်သတ္တုလုပ်ငန်းမှ ခွင့်ပြုထားတာမရှိသေးဘူး၊ နောက်တစ်ခုက ချင်းပြည်နယ်အစိုးရ သတ္တုလုပ်ကွက်စီစစ်ရေးက အသေးစားနဲ့ လက်လုပ်လက်စားပဲ ခွင့်ပြုချက်ပေးလို့ရတယ်၊ အကြီးစားကို ပြည်ထောင်စုအဆင့်ပဲဆိုင်ပါတယ်၊ ချင်းပြည်နယ်က လုပ်ကွက်ချထားပေးနိုင်တဲ့နေရာမှာ ဗဟိုကသတ်မှတ်ထားတာ ပြည်ထောင်စုကသတ်မှတ်ထားတာ၊ ဆိုတော့ နံပတ်တစ်က ကျနော်တို့ချထားတာမရှိပါဘူး နံပတ်နှစ်က ချင်းပြည်နယ်က ချထားပေးတယ်ဆိုရင် စာရွက်စာတမ်းတောင်းပါ ခွင့်ပြုချက်စာရွက်စာတမ်းတောင်းပါ၊ အဲဒါတော့ ကျနော်တို့က ကျနော်တို့ဆီရောက်လာရင် အစစ်လားအတုလား ခွဲပေးမယ်၊ တကယ်လို့အတုနဲ့လုပ်မယ်ဆိုရင် စီးပွားရေးသမားတွေက လုပ်ငန်းရှင်တွေက ဒါဥပဒေမဲ့လုပ်တဲ့အတွက်ကြောင့် ဒါကိုလည်း ဥပဒေအရအရေးယူလို့ရတယ်” ဟု ချင်းပြည်နယ်သစ်တောရေးရာ ဝန်ကြီး ဦးမာန်ဟင်းဒါလ်ကပြောသည်။

ချင်းပြည်နယ်တွင် ခရိုမိုက်သတ္တုသည် ဖလမ်းခိုင် တီးတိန်၊ တွန်းဇံမြို့နယ် မြွေတောင်ဖားတောင်တွင် အများဆုံးထွက်ရှိပြီး ဒုတိယမှာ ဖလမ်းမြို့နယ် ဆီးယင်းသစ်တော်ကြိုးဝိုင်းဒေသ ဝေဘူလတောင်ဟုသိရသည်။

Most read this week

December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...