လာမည့်ဘတ်ဂျက်နှစ်တွင် အမဲသားလေလံပွဲဟာ ကြမ်းခင်းစျေး သိန်း ၄၀၀ကျော်တွင် စတင်ခဲ့ပါသည်။ ကြမ်းခင်းစျေးဆိုသည်မှာ ပထမဦးဆုံး စားပွဲတင်လေလံကြေး ဖြစ်ပြီး လေလံဆွဲသူမှာ စားပွဲတင်လေလံကြေးကို ၅၀%ပေးသွင်းရမည်ဖြစ်သည်။ ထို့အပြင် ဌာနအသီးသီးမှ ထောက်ခံချက်ရယူရမည်ဖြစ်သည်။
စည်ပင်သာယာရေးဌာနမှ ထုတ်ပြန်ထားသည့် သားသတ်ခွင့်လိုင်စင်ရရှိသူ လိုက်နာရမည့် စည်ကမ်းချက်များထဲတွင် အဖွဲ့မှသတ်မှတ်ထားသည့် အချက်အလက်နှင့်အညီ ယာယီဆိုင်ခန်းကို ဆောက်လုပ်ရောင်းချရမည်။
သတ်မှတ်ထားသည့်နေရာတွင်လည်း သားကောင်ကို သတ်ဖြတ်ရမည်ဖြစ်သည်။ တိ/မွေး/ကုဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့၏ စစ်ဆေးထားသည့် အကောင်ရေများကိုသာ သတ်ဖြတ်ရမည်ဖြစ်ကြောင်း ပါရှိသည်။
အသားများကို ရေထိုးခြင်း၊ အချိန်တွယ်မမှန်ခြင်း၊ တိရိစ္ဆာန်နာများ၊ ပိုးထိထားသည့် တိရိစ္ဆာန်များ၊ စားသုံးသူများကျန်းမာရေးကို ထိခိုက်စေမည့်အသားများ၊ ရက်ကျော်လွန်သည့်အသားများကို ရောင်းချခြင်း မပြုရပါ။ ထိုသို့ စားသုံးသူများအတွက် အန္တရာယ်ရှိနိုင်သည့် အသားများကို ရောင်းချနေသည်ကို တွေ့ရှိရပါကလည်း စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ကြားနိုင်ပါသည်။
အသားစျေးနှုန်းများကိုလည်း စားသုံးသူမြင်သာအောင် ချိတ်ဆွဲထားရမည်။ မြို့မစျေးတွင်းရောင်းချခွင့်ရရှိသူများသည် စျေးတွင်သာရောင်းချရမည်ဖြစ်ပြီး ကျေးရွာပြင်ပသို့ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းများ မပြုလုပ်ရပါ။ ထို့အတူ ကျေးလက်တွင် သားသတ်လိုင်စင်ရရှိသူများသည်လည်း ၎င်းကျေးလက်တွင်းသာ ရောင်းချရမည်ဖြစ်ပြီး ၎င်းကျေးရွာပြင်ပနှင့် မြို့ပေါ်ရပ်ကွက်နှင့် ဆက်စပ်သည့် ကျေးရွာများသို့ ရောင်းချ၊ ဖြန့်ဖြူးခြင်းများ မပြုရပါ။
အသားဒိုင်မှာ သတ်မှတ်ထားသည့် ပိတ်ရက်မှအပ နေ့စဉ်ရောင်းချရမည်ဖြစ်ပြီး ဆိုင်ကိုပိတ်လိုပါက သက်ဆိုင်ရာသို့ ခိုင်လုံသည့် အကြောင်းပြချက်ဖြင့် ကြိုတင်လျှောက်ထားရမည်ဖြစ်ပြီး သက်ဆိုင်ရာမှခွင့်ပြုချက်မရှိပဲ ပိတ်ခြင်းများ၊ ပျက်ကွက်ခြင်းများ မပြုလုပ်ရကြောင်း ပါရှိသည်။
သားကောင်များကို မသတ်ဖြတ်မီ (၁)ရက်ကြိုတင်၍ တာဝန်ရှိသူ၏ စစ်ဆေးခြင်းကို ခံရမည်၊ သားသတ်ရုံတွင် မြင်း၊ လား စသည့်တိရိစ္ဆာန်များကို လုံးဝသတ်ဖြတ်ရောင်းချခြင်းများ မပြုလုပ်ရပါ။ နေ့စဉ်သတ်ဖြတ်မည့် သားကောင်များကိုလည်း သက်ဆိုင်ရာမှ သတ်မှတ်ထားသည့် အကောင်ရေထိသာ သတ်ဖြတ်ရမည်ဖြစ်သည်။
သတ်မှတ်ကောင်ရေထက် ကျော်လွန်သတ်ဖြတ်ပါက ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်။ “အရင်ဆုံး အာမခံချက်ရှိရမယ်၊ မြန်မာနိုင်ငံသားဖြစ်ရမယ်၊ အိုးပိုင်အိမ်ပိုင် ဂရမ်အမည်ပေါက်ရှိရမယ်၊ အဲ့ဒီမှာဆွဲမယ့် လေလံကြေးက သိန်း၁၈၀၀ဆိုရင် သိန်း ၁၈၀၀နဲ့ တန်တဲ့ငွေစုစာအုပ် ငါတို့ကိုပေးရမယ်။ လေလံဆွဲတဲ့အချိန်မှာ ကြမ်းခင်းစျေး(စားပွဲတင်အာမခံငွေ)ရဲ့ ၅၀%ကို ဘဏ်မှာသွားထားရမယ်၊ ထောက်ခံချက်တွေ အရင်နှစ်က အကြွင်းအကျန်မရှိဘူးဆိုတဲ့ ထောက်ခံချက်တွေကို လာပြရမယ်။ သန့်ရှင်းပြီး အကြွင်းအကျန်မရှိတဲ့ သူတွေကိုမှ တို့ကပေးမှာကော” ဟု ပြည်နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောပါသည်။
ယခု လာမည့် ၂၀၁၇-၁၈ဘဏ္ဍာရေးနှစ်အတွက် စည်ပင်သာယာရေးကော်မတီ၏ ဆုံးဖြတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပေသည်။
၁။ အသား(အရိုး၊ အရွတ်၊ အကြောမပါ)သီးသန့် (၁ပိဿ ာ ၈၀၀၀ /-)
၂။ အရိုးအသား(အရိုး၊ အရွတ် ၂၀%ထက်မပိုရ) (၁ပိဿ ာ ရ၀၀၀/-)
၃။ အသဲ၊ အူနု၊ အူကြမ်း( ဝမ်းတွင်းသား) (၁ပိဿ ာ ၆၀၀၀ /-)
၀က်သားရောင်းချရမည့် စျေးနှုန်းများ
၁။ ပေါင်သား (၁ပိဿ ာ ရ၀၀၀/-)
၂။ အသား(အဆီ၊ အခေါက်၊အရိုး) (၁ပိဿ ာ ၆၀၀၀/-)
၃။ ဝမ်းတွင်းသား (၁ပိဿ ာ ၅၅၀၀ /-)
ဆိတ်သားရောင်းချမည့် စျေးနှုန်း
၁။ အသား(အရိုး၊အရွတ်၊အကြောမပါ) (၁ပိဿ ာ ၁၂၀၀၀/-)
၂။ အရိုးအသား(အရွတ်၊အရိုး ၂၀%ထက်မပိုရ) (၁ပိဿ ာ ၁၀၀၀၀/-)
၃။ အသဲ၊ အူနု၊ အူကြမ်း(ဝမ်းတွင်းသား) (၁ပိဿ ာ ၈၀၀၀/-)
၀က်သားလိုင်စင်ကိုမူ အစိုးရမှ လေလံ ခေတ္တဆိုင်းငံ့ထားပါသေးသည်။ ၎င်းမှာ လွိုင်ကော်မြို့နယ်အတွင်းသာဖြစ်ပြီး ကျန်သောအခြားမြို့နယ်များမှာ လေလံပြီးသားဖြစ်သည်။ ဝက်သားလေလံမှာ ယခုချိန်တွင် တစ်ဦးတည်းသာ ရှိနေသေးသည့်အတွက်ကြောင့် အစိုးရမှာ လေလံမပစ်သေးကြောင်း ဦးသန်းထွန်းကပြောသည်။ စျေးပြိုင်ဝယ်နိုင်သည့်သူ ရှိမှသာလျှင် လေလံပစ်မည်ဖြစ်ကြောင်း သိရသည်။
ယခု အမဲသားကြမ်းခင်းစျေး သိန်း ၄၀၀ကျော်မှ ဆွဲရင်း ဆွဲရင်းနဲ့ သိန်း ၁၀၀၀ ကျော်သို့ ရောက်ရှိခဲ့သည်။ ထို့ကြောင့် ပြည်နယ်အစိုးရမှ ခေတ္တရပ်ဆိုင်းထားခဲ့သည်။ အဘယ်ကြောင့် ရပ်ဆိုင်းထားရသည်ဆိုသည်မှာ စားသုံးသူများ အမဲသားကို စျေးအများကြီးပေးကာ ဝယ်စားရမည်ဖြစ်ပြီး စားသုံးသူများ စျေးသက်သက်သာသာနှင့် ဝယ်ယူစားသောက်နိုင်ရန် အတွက်ဖြစ်သည်။
အမဲသားလေလံကို သိန်း၁၀၀၀ကျော်ခန့် လေလံဆွဲပြီး ရယူသူများကြောင့် စျေးကွက်တွင်း အမဲသားစျေးမှာ မြှင့်သထက် မြှင့်လာခဲ့သည်။ ယခုချိန်တွင် ရပ်ကွက်တွင်းတွင် အမဲသားတစ်ပိဿာကို ကျပ် ၁၀၀၀၀မှ ၁၂၀၀၀ထိ ပေးဝယ်နေခဲ့ကြရသည်။
လေလံရာတွင် စျေးအမြှင့်ဆုံးပေးနိုင်သူမှ လေလံအောင်မြင်ပြီး စျေးကွက်ကို ၎င်းက ၎င်းလိုချင်သလို ထိန်းချုပ်လာနိုင်သည့် စနစ်ဖြစ်နေသည်။ ထို့ကြောင့် အစိုးရ၏ ရသုံးမှန်းခြေအကြောင်း ၊ စျေးကွက်စီးပွားရေးအကြောင်း နားလည်သိရှိထားသည့် အမည်မဖော်လိုသူ တာဝန်သိ ဝန်ထမ်းတစ်ဦးက ယခုကဲ့လို ဆောင်ရွက်နေသည့် လေလံဆွဲသည့်စနစ်သည် တစ်ဦးတည်း ချုပ်ကိုင်ခွင့်ရသည့် လေလံစနစ်ဖြစ်နေသည့်အတွက် ၎င်းအစား ပြိုင်ဆိုင်မှုရှိသည့် စျေးကွက်ဖြစ်သင့်ကြောင်း ပြောသည်။
“ခေတ်စနစ်က စျေးကွက်စီးပွားရေးလေ ပိုက်ဆံရဖို့ထက် စျေးကွက်ပြိုင်ဆိုင်မှုရှိပြီး ပြည်သူသက်သာစွာ စားနိုင်ဖို့ ဦးတည်သင့်တယ်။ စည်ပင်လိုငွေကို နို်င်ငံတော်က ထောက်ပ့ံနေတာပဲလေ။ ငွေ ဖြဲ ရှာစရာ မလိုတော့ပါ။ အပြိုင်ချပေး သင့်တယ် ၂ ဦး လုပ်ခွင့်ပေး ပေါ့” ဟု ၎င်းကပြောသည်။
စည်ပင်သာယာရေးဌာနသည်လည်း ယခင့်ယခင်တုန်းကလို လိုငွေများ အများကြီးမလိုအပ်တော့ပဲ၊ နိုင်ငံတော်မှ ၎င်းတို့ကို ထောက်ပံ့မှုများပေးနေလေပြီ။ ထို့ကြောင့် ယခုလို တစ်ဦးတည်းသာ အနိုင်ရပြီး စျေးကွက်ကို ၎င်းကသာချုပ်ကိုင်နိုင်သည့် စနစ်ကို ဦးစားပေးပြီး မလုပ်သင့်တော့ကြောင်း ၎င်းက အကြံပြုပြောဆိုပါသည်။
စျေးကွက်စီးပွားရေးစနစ် အကြောင်း ထုတ်လွှင့်ပေးနေသည့် တီဗီချန်နယ်တစ်ခုတွင်လည်း ယခုခေတ်စျေးကွက်စီးပွားရေး စနစ်ကို ပြိုင်ဆိုင်မှုရှိသည့် စီးပွားရေးစနစ်တစ်ခုဖြစ်စေသင့်ပြီး၊ တစ်ဦးတည်းကသာ အနိုင်ရချုပ်ကိုင်သည့် စနစ်ကို အစိုးရများက မဦးတည်သင့်တော့ကြောင်း စီးပွားရေး ပညာရှင်တစ်ဦးက ပြောထားသည်။ သို့ပြုမှသာလျှင် စားသုံးသူများသည် စျေးသက်သက်သာသာနှင့် ဝယ်စားနိုင်မည်ဖြစ်သည်။







