ဒိမ် - လာမည့်ရွေးကောက်ပွဲတွင် ဒေသခံလူထုများမှ မဲပေးနိုင်ရန်နှင့် မဲစာရင်းလွယ်လင့်တကူ သိရှိနိုင်ရန်ကိစ္စ ဆွေးနွေးပွဲကို ဟားခါးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်နှင့် ဟားခါးမြို့ရှိ လူမှုအဖွဲ့အစည်းများက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဇူလိုင် ၈ ရက်နေ့တွင် တွေ့ဆုံခဲ့ကြသည်။
ယင်းဆွေးနွေးပွဲ တွင် ပြည်သူလူထုက Hotline စနစ်ဖြင့် ၎င်းတို့၏လိုအပ်ချက်များ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံ တိုက်ရိုက်ဆက်သွယ်နိုင်ရန်သော်လည်းကောင်း၊ Online စနစ်ဖြင့် မဲဆန္ဒရှင်များမှ နာမည်စာရင်း လွယ်လင့်တကူသိရှိနိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
"ကျတော်တို့ ပြည်သူတွေက မဲစာရင်းထဲမှာ နာမည်ပါ/မပါ ဘယ်လိုလွယ်ကူစွာသင့်နိုင်မလဲ၊ မီဒီယာ၊ CSO တို့နဲ့ပေါင်းပြီး ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာ အဓိကဖြစ်နေတယ်၊ မဲစာရင်းထဲမှာ နာမည်မပါတဲ့သူကို ဘယ်လိုလွယ်လွယ်နဲ့ နာမည်ထည့်နိုင်မလဲဆိုတာက အရေးကြီးတယ်" ဟု ချင်းပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးလင်းကျော်က ဆိုပါသည်။
မဲစာရင်းကပ်ထားသည့်နေရာများတွင် CSO တာဝန်ရှိသူများအနေဖြင့် တာဝန်ယူပြီး တာဝန်ကျပေးရန်လည်း သဘောတူကြပါသည်။
ယခုအချိန်တွင် ရွေးကောက်ပွဲကျင်းပမည့် ရက်မနီးကပ်သေးသည့်အတွက် ရွေးကောက်ပွဲ ချောမွေ့စွာ ကျင်းပနိုင်ရန်နှင့် မဲဆန္ဒရှင်များကို မဲပေးစနစ် ပညာပေးနိုင်ရန် အချိန်ရှိနေသေးကြောင်း၊ သက်ဆိုင်ရာ ခရိုင်၊ ပြည်နယ်အဆင့်အထိ အဆင့်ဆင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟားမြို့ခရိုင် (ဟားခါးနှင့် ထန်တလန်မြို့နယ်) အတွင်း မဲဆန္ဒရှင် ၇၂၄၅၀ ရှိပြီးဖြစ်ကြောင်း ၂၀၂၀ ခုနှစ် ဇွန်လ (၃၀) ရက်အထိ ကောက်ယူသည့် ဟားခါးခရိုင်ရွေးကောက်ပွဲကော်မရှင် မှတ်တမ်းတွင် ဖေါ်ပြထားသည်။
ချင်းပြည်နယ် သက်ဆိုင်ရာခရိုင် မဲဆန္ဒရှင်များမှာ - ဖလမ်းခရိုင် ၃၉၄၁၂၊ မင်းတပ်ခရိုင် ၃၀၂၃၇၊ မတူပီခရိုင် ၁၀၃၇၁၀ အသီးသီးရှိကြောင်း ရွေးကောက်ပွဲကော်မရှင် မှတ်တမ်းတွင်ဖေါ်ပြထားသည်။
သို့သော် ယင်းစာရင်းသည် အတည်မဟုတ်သေးကြောင်း သိရသည်။
ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတလာကီးယိုက "လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူထုအနေနဲ့ မဲပေးနိုင်ဖို့ အတတ်နိုင်ဆုံးလုပ်သွားမှာပါ၊ ရွေးကောက်ပွဲမှာ မဲပေးတာဟာ ကိုယ့်အခွင့်အရေးကို နိုင်ငံတော်အတွက်နဲ့ ကိုယ်လူမျိုးအတွက် အဓိကကျတဲ့ အရာပဲဖြစ်တာကြောင့် မဲကို မဖြစ်မနေ ပေးကြဖို့ လူထုကိုပြောချင်တယ်" ဟုဆိုပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမည့်ရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့ အဖြစ်သတ်မှတ်ထားပြီးဖြစ်သည်။







