ဖားကန့်မြေစာပုံ ပြိုကျမှုကြောင့် သေဆုံးသူများအနက် ချင်းလူမျိုး ရေမဆေးကျောက်တူးသမားများလည်းသေဆုံး

ဖားကန့်မြေစာပုံ ပြိုကျမှုကြောင့် သေဆုံးသူများအနက် ချင်းလူမျိုး ရေမဆေးကျောက်တူးသမားများလည်းသေဆုံး

Salai Khup Khup — ဖားကန့်မြို့နယ်ရှိ မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူများတွင် ချင်းလူမျိုး ရေမဆေးကျောက်တူးသမားများ သေဆုံးမှုများလည်းရှိနေပြီး လက်ရှိအချိန်ထိ ချင်းလူမျိုးနှစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိထားကြောင်းသိရသည်။

လက်ရှိအချိန်ထိ သေဆုံးသူများအနက် ချင်းလူမျိုးနှစ်ဦးပါဝင်ကြောင်း အတည်ပြုသူများမှာ မတူပီမြို့နယ်၊ ထိုတွီးကျေးရွာနေ ဆလိုင်း အန်မိုင် နှင့် ထန်တလန်မြို့နယ်မှ လူငယ်တစ်ဦးဖြစ်ကြောင်းသိရသည်။

မတူပီမြို့နယ် ဒေသခံတစ်ဦးက “သေသွားတဲ့သူက အသက်အားဖြင့် ၁၉ ဝန်းကျင်လောက်ဘဲ ရှိသေးတယ်လို့ သိရတယ် နောက်ပြီး ဖားကန့်ကို သွားပြီး အလုပ်လုပ်တာကလည်း သိပ်မကြာသေးဘူးလို့ သိရတယ်”ဟုပြောသည်။

ဖားကန့်မြို့နယ် ချင်းစာပေနှင့်ရိုးရာယဉ်ကျေးမှု ကော်မတီ ဥက္ကဌ ဦးဝင်းထန်က “ ထန်တလန်ဖက်ကနေလာတဲ့ လူငယ်ကလည်း ရောက်လာတာ မကြာသေးဘူး။ မိဘတွေရဲ့ဆန္ဒအရ ချင်းပြည်နယ်ကို ပြန်သယ်ချင်တယ်ဆိုတော့ ဖြစ်အောင်စီစဉ်ပေးရတယ်။ ဖားကန့်ကနေ မိုးကောင်းအထိ ကားငှားခ တစ်သိန်းငါးသောင်းနဲ့ ဖားကန့်ကနေ ဟားခါးအထိ လေးသိန်းကျပ်ကားခပေးရတယ်။ ဟားခါးကနေ ထန်တလန်ကိုသယ်ပြီး သူ့ရွာကိုသယ်သွားကြမယ်လို့သိရတယ်။ စိုက်ပေးထားတဲ့ ငွေနဲ့ပတ်သက်ပြီးတော့ ဒီဖက်ကို အလှူငွေပြန်ထည့်မယ်လို့ပြောထားကြတယ်” ဟုပြောသည်။

ဖားကန့်မြို့နယ် ဝှေုခါကျေးရွာတွင် ဇူလိုင်လ (၂) ရက်နေ့က မြေစာပုံပြိုကျမှုကြောင့် ရေမဆေးအလုပ်သမား ၂၀၀ ဝန်းကျင်သေဆုံးခဲ့ရပြီး သေဆုံးသူများတွင် ချင်းလူမျိုး အများအပြား ပါဝင်အုံးမည်ဟု ခန့်မှန်းကြလျက်ရှိသည်။

ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်တွင် ကျောက်စိမ်း၊ ရေမဆေးကျောက်များကို အနယ်နယ် အရပ်ရပ်ရှိ တိုင်းရင်းသားပေါင်းစုံမှ လာရောက် လုပ်ကိုင်လျက်ရှိသည့်နေရာဖြစ်ပြီး ၂၀၁၆ ခုနှစ် မှ ပြီးခဲ့သည့် မေလအထိ မြေပြိုမှုများ ဖြစ်ပွားလေ့ရှိရာ ရေမဆေးကျောက်ရှာသူ ၄၇၇ ဦးသေဆုံးခဲ့ပြီးဖြစ်ကာ ယခုထပ်မံဖြစ်ပွားသည့် မြေစာပြိုကျမှုကြောင့် သေဆုံးသူ ၇၀၀ ဝန်းကျင်ရှိပြီဖြစ်သည်။

အထူးသဖြင့် မြေစာပုံပြိုကျမှုမှာ ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများမှ စက်ယန္တယားကြီးများဖြင့် တူးဖော်စွန့်ပစ်သည့် ဧရာမမြေစာပုံများသည် မိုးတွင်းကာလတွင် အစဉ်အမြဲပြိုကျလျက်ရှိသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...