By ဒိမ် – လာမည့်နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီအနေဖြင့် ချင်းပြည်နယ်အတွင်း မဲဆန္ဒနယ်မြေ အနည်းဆုံး ၃၅ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
CNLD ပါတီ အထွေအထွေအတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင်က ” အခုထိ သေသေချာချာပြောလို့မရသေးပေမယ့် ချင်းပြည်နယ်မှာ အမတ်နေရာ ၃၉ နေရာရှိတဲ့အနက် ၃၅ နေရာတော့ ဝင်ပြိုင်နိုင်မယ်လို့ထင်တယ်၊ ကျတော်တို့ပါတီအနေနဲ့ အတတ်နိုင်ဆုံးတော့ ကြိုးစားမှာပါ” ဟုပြောသည်။
CNLD ပါတီအနေဖြင့် ချင်းပြည်နယ် ၈ မြို့နယ်စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အခက်အခဲမရှိသော်လည်း မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်(အေအေ) အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့် ပလက်ဝမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းရှိမရှိကိုမူ ယခုအနေအထားအရ ပြောဆို၍မရသေးကြောင်း ၎င်းကဆက်ပြောသည်။
ချင်းနိုင်ငံရေးပါတီ (၃) ခု ပူးပေါင်း၍ ဖွဲ့စည်းထားသည့် CNLD ပါတီအနေဖြင့် ချင်းပြည်နယ်အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်ရှိ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
သို့သော်လည်း CNLD ပါတီအနေဖြင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေအရေအတွက် အတိအကျနှင့် ၎င်းတို့ပါတီကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ စာရင်းကို ယခုလကုန်ပိုင်းတွင် ထုတ်ပြန်မည်ဟု သိရသည်။
ပလက်ဝမြို့နယ်သည် မဲဆန္ဒနယ်မြေ ၅ နေရာရှိသည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်ရေးပဋိပက္ခကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်မှာကို နိုင်ငံရေးပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများက စိုးရိမ်နေကြခြင်းဖြစ်သည်။
သို့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံး မဲဆန္ဒနယ်မြေများစာရင်း သတ်မှတ်ကြေညာခဲ့ရာတွင် ပလက်ဝမြို့နယ် မဲဆန္ဒနယ်မြေလည်း ပါဝင်ခဲ့သည့်အတွက် ရွေးကောက်ပွဲကျင်းပနိုင်မည့်အလားအလာရှိသည်ဟု ယူဆရသည်။
အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD) ပါတီကတော့ ပလက်ဝမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အမျိူးသားလွှတ်တော်တွင် ဦးပြေမင်းနှင့် ဦးဝှေ့တင်း၊ ပြည်သူ့လွှတ်တော်တွင် ဦးအောင်ရွှေ၊ ပြည်နယ်လွှတ်တော်တွင် လက်ရှိစည်ပင်ဝန်ကြီးဦးစိုးထက်နှင့် ဦးမျိူးထိုက်တို့ကို ရွေးချယ်ထားပြီးဖြစ်သည်။
ချင်းပြည်နယ်တွင် ယခင် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲကဲ့သို့ ပါတီတစ်ခုမှ မဲအပြတ်အသတ်အနိုင်ရပြီး အစိုးရဖွဲ့ နိုင်သည့်အနေအထားမျိူး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှိနိုင်တော့မည်မထင်ကြောင်း ချင်းနိုင်ငံရေးလေ့လာနေသူ တစ်ဦးဖြစ်သည့် ဆလိုင်းခင်မောင်သိန်းက သုံးသပ်ထားသည်။
“ချင်းပါတီက ကိုယ်စားလှယ်အရွေးမှန်ရင် NLD နဲ့ မတိမ်းမယိမ်းဖြစ်မယ်။ ချင်းပြည်နယ်မှာ ပါတီတခုက အမတ်နေရာ ၁၃ ခုအနိုင်ရနိုင်ရင် အစိုးရဖွဲ့ဖို့ အလားအလာရှိပေမဲ့ ပါတီတစ်ခုကနေ ချင်းပြည်နယ်မှာ အမတ်နေရာ ၁၃ ခုရနိုင်ဖို့ ခက်ခဲလိမ့်မယ်” ဟု၎င်းကဆိုသည်။







