၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဟု ကော်မရှင်ကြေငြာ

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဟု ကော်မရှင်ကြေငြာ

မင်းထွန်း — ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ကြေငြာ လိုက်သည်။

ယင်းအပြင် ဖွဲ့အစည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများကို ဇူလိုင်လ ၁ ရက်နေ့မှစပြီး ဆောင်ရွက်ခွင့်ရှိကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

သို့သော် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အတည်ပြုပြီးသည့်နောက်ပိုင်းတွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေငြာထားသော် လည်း ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ဖြစ်နိုင်၊မဖြစ်နိုင်မှာ သတ်မှတ်၍မရသေးကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) အတွင်းရေးမှူး ဦးမျိုးကျော်ကပြောသည်။

“အဲဒီလို ကြေငြာပေးလိုက်တိုင်း ဒီနေရာတွေ အကုန်လုံးဟာ ရွေးကောက်ပွဲဖြစ်မယ်လို့ အတိအကျသတ်မှတ် ပြောလို့မရပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနယ်မြေတွေရဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေဟာလည်း ရွေးကောက်ပွဲမှာ ထပ်စဉ်းစားရမှာပေါ့နော်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေခြင်းကြောင့် ရွေးကောက်ပွဲအတွက် လုံခြုံရေးစိုးရိမ်ချက်များ ရှိနေကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့် လေ့လာရေးအဖွဲ့ ဒါရိုက်တာ ခိုင်ကောင်းစံက ဆိုသည်။

“ရွေးကောက်ပွဲကျင်းပမယ့် နေရာတွေမှာ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ထားဖို့လိုတယ်။ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေရင်တော့ လုံခြုံရေးအရ စိတ်ချရတဲ့အခြေအနေမှာ မရှိဘူး”ဟု ၎င်းကပြောသည်။

ထို့ကြောင့် ရွေးကောက်ပွဲကာလတွင် ထိုးစစ်ဆင်မှုများမပြုလုပ်ရန် အစိုးရအနေဖြင့် ရက္ခိုင့်တပ်တော်(AA)ကို အွန်လိုင်းကသော်လည်းကောင်း ကမ်းလှမ်းပြီး နှစ်ဦးနှစ်ဖက် သဘောတူ ယာယီအပစ်ရပ်လက်မှတ်ရေးထိုး ထားရန် ပြင်ဆင်ထားသင့်ကြောင်း ခိုင်ကောင်းစံက ဆက်လက်ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်မြေများအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇူလိုင်လ ၂၀ ရက်နေ့မှ စတင် တင်သွင်းနိုင်ပြီး အမည်စာရင်း တင်သွင်းနိုင်သည့်နောက်ဆုံးရက်မှာ သြဂုတ်လ ၇ ရက်နေ့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုလျှင် ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ သြဂုတ်လ ၁၀ ရက်နေ့ကို သတ်မှတ်ထားပြီး ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများအား သြဂုတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ စိစစ်သွားရန် သတ်မှတ်ထားကြောင်း ထုတ်ပြန်ထားသည်။

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...