ရွေးကောက်ပွဲကို ဆုံးဖြတ်ပေးမည့် ချင်းပြည်နယ်၏ပုဒ်စာ ၂ ခု

ရွေးကောက်ပွဲကို ဆုံးဖြတ်ပေးမည့် ချင်းပြည်နယ်၏ပုဒ်စာ ၂ ခု

ဦးလျန်ခန့်တွောင် — ဒုတ်ယအကြိမ်ချင်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး တိုက်ရိုက် ထုတ်လွှင့်မှုအား (၁၉ ဇွန် လ ၂၀၂၀) Facebookလူမှကွန်ရက်မှ တစ်ဆင့် အစမှ အဆုံးထိ ကြည့်ရှနားထောင်ခွင့် ရခဲ့သဖြင့် လွန်စွာပင် အားရကျေနပ်မိပါသည်။

လွှတ်တော်ဥက္ကဌအပါအဝင် ကိုယ်စားလှယ် သုံးဦးမှ တက်တက်ကြွကြွ ဆွေးနွေး မေးမြန်းပြီး၊ ဝန်ကြီးချုပ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးမှ အချက်အလက်နှင့် လုပ်ငန်းစဉ်များကို ပြည့်ပြည့်စုံစုံ ပြန်လည်ဖြေကြားပါသည်။

ဆွေးနွေးချက်များအား အကျဉ်းချုပ်မည် ဆိုပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရတာဝန်ယူချိန်မှစပြီး လုပ်ကိုင်ဆောင်ရွှက်လျက်ရှိသော ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရ အနေဖြင့် ထိထိရောက်ရောက် ကြီးကြပ်ကွပ်ကဲမှှု အားနည်းနေကြောင်း တစ်ဆက်တည်းတွင် အရည်အသွေး ညံ့ဖျင်းသည့် တည်ဆောက်ရေးလုပ်ငန်းများဖြစ်ပေါ်ပြီး နိုင်ငံတော်နှင့်ပြည်သူအတွက် ကြီးမားသော ဘဏ္ဍာငွေ လေလွင့်မှှုရှိနေကြောင်း၊ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် စံချိန်မှီ ရလဒ်များ ရရှိနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍများကိုလည်း မြှင့်တင်နိုင်ရန် စသည့် အချက်များကို တင်ပြဆွေးနွေးကြပြီး အစိုးရအဖွဲ့ကလည်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လိုအပ်ချက်များ အားနည်းချက်များ အမှန်တကယ် ရှိနေကြောင်း ဝန်ခံ ထွက်ဆိုခဲ့ပါသည်။

ချင်းပြည်နယ် အစိုးရ၏ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပြည်သူလူထုကြားတွင် စိတ်ဝမ်းကွဲစရာများ သံသယဖြစ်စရာများ ရှိနေသည်မှာလည်း အားလုံးအသိပင် ဖြစ်ပါသည်။ အစိုးရသက်တမ်း အစောပိုင်းမှ စပြီး ဖွံ့ဖြိုးရေးဆိုင်ရာ ငွေလုံးငွေရင်း ခွဲဝေစီမံရာတွင် မမျှမတ လုပ်ဆောင်ပြီး ဘက်လိုက်မှှုများ ရှိနေကြောင်း သိမြင်နေကြသော်လည်း ပထမ တစ်နှစ် နှစ်နှစ် အထိ မည်သူ တစ်ဦးတစ်ယောက်ကမှ ပြောဆိုဝေဖန်ခြင်း မပြုရက်ပဲ တစ်ဖြည်းဖြည်း ကောင်းလာလိမ့် နိုးနိုး ဖြင့်၊ မျှော်လင့် စောင့်စား နေကြပါသည်။ သို့ရာတွင် အစိုးရသက်တမ်း တတိယနှစ်မြောက် ဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာ ဘဏ္ဍာခွဲဝေရာတွင် ယခင်နှစ်များထက်ပင် တစ်ဖက်စောင်းနင်း ဖြစ်နေရာ အများပြည်သူမှာ စိတ်ပျက်ဝမ်းနည်း နေကြပါသည်။ မျှတမှှုကင်းမဲ့သော ဤလုပ်ဆောင်ချက်များကြောင့် အများပြည်သူကြား ရပ်ထဲရွာထဲတွင်ပါ မကျေနပ်ချက် နှင့် ဝေဖန်သံများ ဆူညံလာပါသဖြင့် ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးမြန်းရသည့်အထိ ဖြစ်လာပါသည်။

တစ်နည်းအားဖြင့် ပြောရရင် ပြည်နယ်အစိုးရ၏ လွဲမှားသော စီမံခန့်ခွဲမှုများအား ပြန်လည်တည့်မတ်ပေးနိုင်ရန် ပြည်ထောင်စု လွှတ်တော်ထံသို့ အကူအညီတောင်းသည့် သဘောပင်ဖြစ်ပါသည်။

မြို့နယ် ကိုးမြို့နယ်သာရှိသော ချင်းပြည်နယ်တွင် မြို့နယ် သုံးခု ရရှိသော ငွေလုံးငွေရင်း အားလုံးသည် ဟားခါးတစ်မြို့နယ်တည်း ရရှိသော ရံပုံငွေထက် ပိုမိုနည်းပါးသည့် အခြေအနေဖြင့် နှစ်စဉ်နှစ်တိုင်း လိုလို ရေးဆွဲ အတည်ပြုနေကြသဖြင့် ပြောမည်ဆိုရင်လည်း တကယ်လည်း ပြောစရာပင် ဖြစ်နေပါသည်။ အညီအမျှ ခွဲဝေ အသုံးအပြုရမည်ဟု မဆိုလိုသော်လည်း အမြဲတမ်းလိုလို တစ်ဖက်စောင်းနင်း ဖြစ်နေသည်မှာ အမှန်တကယ်ပဲ စိတ်မကောင်းစရာ ဖြစ်နေပါသည်။

ဘဏ္ဍာခွဲဝေရေးနှင့် ပတ်သက်ပြီး မီဒီယာများ၊ ပြည်သူလူထုနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ချို့မှ ဝေဖန်ထောက်ပြမှှုများ ရှိနေသော်လည်း ပြည်နယ်အစိုးရမှ တစ်စုံတစ်ရာ အလေးထား တုံ့ပြန်ခြင်း မပြုလုပ်ပဲ နောက်နောင် သတိထား လုပ်ဆောင်ရန် ပြောဆိုပြီး လွဲချော်မှားယွင်းခဲ့သော ဘဏ္ဍာခွဲဝေမှှုများအတွက် တရားမျှတမှှုများ ပြန်လည်ဖော်ဆောင်ပေးရန် သဘောထား ကတိစကားပေးခြင်း မပြုခဲ့ပါ။ ထို့အပြင် ၂၀၁၈-၁၉ ဖြည့်စွက်ဘဏ္ဍာ ခွဲဝေရာတွင် ယခင် ၃နှစ် လုံးလုံး အတိုင်းပင် ရုပ်ပျက်ဆင်းပျက် စီမံခဲ့ကြပြန်ပါသည်။ ပြည်သူလူထု၏ ခံစားချက်သည် ဒေါသအဖြစ် ပြောင်းသွား သလို အစိုးရကိုလည်း စိတ်ကုန်လာကြပါသည်။

ဘဏ္ဍာခွဲဝေရေးနှင့် ပတ်သက်ပြီး ယခုကဲ့သို့ပြောဆိုဝေဖန်ခံနေရသည့် ကြားကပင် ၂၀၁၉-၂၀၂၀ ပြည်ထောင်စု ဘတ်ဂျတ်မှ ငွေလုံးငွေရင်း အသုံးစာရင်းခွဲဝေရာတွင် ယခင်ကဲ့သို့ပင် ထပ်မံတိမ်းစောင်း နေပြန်ပါသည်။ သို့သော်လည်း ဒီတစ်ခေါက်တွင် အရင်နှစ်များနှင့် မတူပဲ အများပြည်သူမျက်စိလည် စေနိုင်မည့် တင်ပြချက်များဖြင့် ဖော်ပြခဲ့ပါသည်။ ဘဏ္ဍာခွဲဝေမှှုကို မြို့နယ် အလိုက် မဖော်ပြတော့ပဲ ခရို်င်အလိုက်သာ ဖော်ပြသွားပါသည်။ မြို့နယ်အနည်းဆုံးနှင့် နယ်မြေဒေသ အသေးဆုံး ခရိုင်သည်သာ ဘတ်ဂျတ်အများဆုံး ရယူပြီး ၄နှစ် ၄ကြိမ်တိုင်တိုင် အစဉ်အလာ မပျက် တိမ်းစောင်းလွှဲမှားပြန်ပါသည်။

အစိုးရအဖွဲ့သည် မဲဆန္ဒရှင်ပြည်သူများ၏ သဘောထားနှင့် တရားမျှတမှှုကို လစ်လျှူရှှုပြီး မိမိစိတ်ထင်သလို ကဏ္ဍာခွဲယူသုံးစွဲနေကြသော်လည်း ၎င်းဘဏ္ဍာများဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအား သေသေချာချာ ကြပ်မတ် စောင့်ကြည့်ခြင်း မပြုလုပ်ပဲ အထိန်းအကွပ်မဲ့ လွှတ်ထားလိုက်ပြန်ပါသည်။ တာဝန်မဲ့လွန်းသည် ဟုဆိုနိုင်သလို အလွဲအဂတိသဘောတရားနှင့်ပင် ဆက်စပ်နေသလားဟု ထင်မှတ်စရာပင်ဖြစ်လာပါသည်။ ယင်းကိစ္စ အားလုံးအတွက် လွှတ်တော်ထဲတွင် ပြည်နယ်ဝန်ကြီးချုပ်မှ “ဖွံ့ဖြိုးရေး လုပ်ငန်းများ နှင့် ပတ်သက်ပြီး အစိုးရ၏ ကြီးကြပ်ကွပ်ကဲမှှုအပိုင်းတွင် အားနည်းချက်များရှိတယ်ဆိုတာ ဝန်ခံပါတယ်” ဟူသည့် ပြောဆိုချက် တစ်ခုတည်းဖြင့် ဖြေလျှော့ခွင့်လွတ်ပေးကြရတော့မှာလား။ ပြည်သူ့ဘဏ္ဍာ သိန်းသန်းပေါင်း မြောက်များစွာ လေလွင့် ဆုံးရှံှုးမှှုများအတွက် ယင်းစကားလုံးတစ်ကြောင်းတည်းဖြင့်အမှန်တကယ် လုံလောက်နိင်ပါမလားဟု အများပြောစရာဖြစ်လာပါသည်။

ထို့ပြင် ဒီမိုကရေစီစနစ်၏ အနှစ်သာရတစ်ခုဖြစ်သော တာဝန်ယူမှှု၊ တာဝန်ခံမှှုဆိုတာ ပြည်နယ်အစိုးရအတွက် မလိုအပ်ဘူးလားဟု မေးမြန်းစရာဖြစ်နေပါသည်။

တကယ့်တကယ်တွင် ဒီအခြေအနေအားလုံးကို တာဝန်ယူ ဆောင်ရွက်နေသူမှာ အစိုးရဖြစ်နေသဖြင့် တာဝန်ခံရမည့် သူလည်း အစိုးရ သာ ဖြစ်ရမည်ဟု သဘောတရားအရပြောဆိုရမည်ဖြစ်သော်လည်း၊ အစိုးရအားနည်းချက်တစ်ခုတည်းကြောင့်သာ ဤအခြေအနေမျိုးဆိုက်ရောက်ရခြင်းမဟုတ်ပဲ၊ ရှိပြီးသား မူဝါဒနှင့် လုပ်ငန်းစဉ်အဆင့်ဆင့် တိုင်း၏ အားနည်းချက်များလည်း ပါဝင်သည်ဟု သဘောပေါက်ရပါမည်။

ဥပမာအားဖြင့် ပညာရပ်ဆိုင်ရာ အခြေခံသော တည်ဆောက်ရေး လုပ်ငန်းများတွင် ၎င်းလုပ်ငန်းခွင်နှင့် နီးစပ်မှှု တစ်စုံတစ်ရာ မရှိသော လူပုဂ္ဂိုလ်အမျိုးမျိုး၏ ထောက်ခံချက်များအား အဓိကထား တောင်းဆိုရင်း အရည်အသွေး ပြည့်မှီသော ရလဒ်မျိုးကို မျှော်မှန်း နေကြသည်မှာလည်း တော်တော်လေး လွဲချော်သည့် မျှော်လင့်ချက်နှင့် မှုဝါဒသာ ဖြစ်ပါသည်။ ယုတ္တိ မရှိသလိုလက်တွေ့လည်း မကျပါ။

ထို့ပြင် Dr Hmuh Thang တင်ပြဆွေးနွေးသွားသလိုပင် အစိုးရ၏ဖွံ့ဖြုးရေးလုပ်ငန်းများ စစ်ဆေးမည့်သူများနှင့် ၎င်းလုပ်ငန်းကိုတာဝန်ယူသော တင်ဒါအောင်မြင်သူများ နီးစပ်လွန်းနေခြင်း၊ တင်ဒါလုပ်ငန်းများကိုတစ်ဆင့်ခံ နှစ်ဆင့်ခံ ရောင်းချ လုပ်ကိုင်စေခြင်း၊ အရည်အချင်း မရှိသောသူများကို အရည်အသွေး စစ် Third Party အဖြစ် ရွေးချယ်ခြင်း၊ တင်ဒါလျှောက်ထားသူများ၏ စေတနာနှင့် လောဘကို အကဲခတ် မှားယွင်းခြင်း စသည့် အားနည်းချက်များသည်လည်း စံချိန်မှီ အရည်အသွေးရရှိနိုင်ရန် အလှမ်းဝေးစေသည့် လုပ်ရပ်များဖြစ်ပါသည်။

ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးရှိရှိ ဖော်ဆောင်နိုင်ရန် လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်တိုင် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်း ပံ့ပိုးနိင်ရေးနှင့် သတင်းအချက်အလက်များ လိုအပ်သလို ရရှိနိုင်ရေး စသည့်အချက်များကိုအလေးထားပြောဆိုဆွေးနွေးကြပါသည်။ စံချိန်မှီ တည်ဆောက်မှှုများ ရရှိနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ၏ ပူးပေါင်းပါဝင်မှှုသည် အင်မတန်မှ အရေးကြီးသလို မျော်မှန်းသည့် ရလဒ်များရရှိနိင်ရန် အကောင်းဆုံးနှင့် အသင့်တော်ဆုံးနည်းလမ်းများကိုလည်း ဆက်လက်ရှာဖွေရမည့် အနေအထားဖြစ်နေသည်ဟုသုံးသပ်ရပါသည်။

လွှတ်တော်ဥက္ကဌမှ မကွေးတိုင်းဒေသကြီး အစိုးရအား ဥပမာပြုပြီး ချင်းပြည်နယ်အစိုးရမှလည်း မိမိဒေသနှင့် ကိုက်ညီမှှုမရှိသော မူဝါဒများကိုဖယ်ရှားကာ လက်ရှိ အသုံးပြုသော မူဝါဒများထဲတွင် ပါဝင်မှုမရှိသော်လည်း ဒေသလိုအပ်ချက်အရမူဝါဒသစ်များ ချမှတ်အသုံးပြုခြင်းအားဖြင့် ပြည်သူ့ ဘဏ္ဍာလေလွင့်မှှုလျှော့ချကာ စံချိန်မှီသော တည်ဆောက်ရေးလုပ်ငန်းများ ဖော်ဆောင်ရင်း ပြည်သူ့အကျိုးကို အမှန်တကယ်လုပ်ဆောင်နိုင်ရန် တိုက်တွန်းပြောကြားချက်သည်လည်းတကယ်လက်တွေ့ကျပါသည်။

လေလွင့် ဆုံးရှုံးခဲ့ရသော တိုင်းပြည်ဘဏ္ဍာငွေများအတွက် အစိုးရအပေါ်တွင် တာဝန်ရှိသကဲ့သို့ အစိုးရ၏ လွဲမှားသော စီမံခန့်ခွဲမှှု အားလုံးကိုလက်ခံအတည်ပြုပေးသည့် လွှတ်တော် အပေါ်တွင်လည်း အလားတူ တာဝန်ရှိပါသည်။

ထို့အပြင် နှစ်စဉ်နှစ်တိုင်းတွင် သာမှန်ပြည်သူများပင်လက်ခံနိင်ရန် ခက်ခဲသော ညံ့ဖျင်းသည့်စီမံခန့်ခွဲမှုများကြောင့် NLD အစိုးရ နှင့် ပါတီ ပုံရိပ်အား တရိပ်ရိပ် ထိခိုက်ကျဆင်းစေပါသည်။

ပြည်သူလူထု အနေဖြင့် NLD ပါတီနှင့် အစိုးရကို အားပေး ဝန်းရံချင်ကြသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများ၏ လိုအပ်ချက်ကြောင့် အများပြည်သူများမှာ စိတ်ပျက်စရာ၊ ဝမ်းနည်းစရာများသာ ရရှိခံစားကြရပါသည်။

မိမိသည် NLD ပါတီကို အစဉ်အဆက် အားပေး ထောက်ခံသူဖြစ်သည့် အပြင် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ခံနိုင်ရန် နာမည်စာရင်း တင်သွင်းထားသူတစ်ယောက်ဖြစ်ပေရာ ပါတီ ပုံရိပ်ပြန်လည် အဖတ်ဆယ်လိုသည့် ဆန္ဒတစ်ခုတည်းဖြင့် ဤကဲ့သို့ အများပြည်သူ၏ ခံစားချက်အမှန်ကို ချပြခြင်းသာ ဖြစ်ပြီး တစ်ခြား ဘာရည်ရွယ်ချက်မှ မရှိပါ။ “အနာသိရင် ဆေးရှိသည်” ဆိုသည့် ဆိုရိုးအတိုင်း အချိန်မှီ ပြန်လည်ကုစားနိုင်ရန် အရဲစွန့်တင်ပြခြင်းမျှသာ ဖြစ်ပါသည်။

၂၀၂၀ ရွေးကောက်ပွဲ အတွက် အင်မတန် အရေးကြီးသော ပါတီ ပုံရိပ်ကို ပြန်လည်ဆွဲတင်နိုင်ရန်နှင့် ပြည်သူလူထု၏ အားကိုးယုံကြည်မှှုကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် လက်ရှိ အစိုးရ သက်တမ်း တစ်လျှောက်လုံး မမျှမတ လုပ်ဆောင်ခဲ့သော ဘဏ္ဍာခွဲဝေမှှုနှင့် ၎င်း ဘဏ္ဍာများကို အလဟဿလေလွင့် ဆုံးရှုံးစေသော အစိုးရ၏ အားနည်းချက်များအတွက် အများပြည်သူ လက်ခံနိုင်သည့် တာဝန်ယူမှု တာဝန်ခံမှှုကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အထူးလိုအပ်သည်ဟု တင်ပြချင်ပါသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...