ရခိုင်က စစ်ဘေးရှောင်စခန်းအချို့တွင် အိမ်သာမလုံလောက်

ရခိုင်က စစ်ဘေးရှောင်စခန်းအချို့တွင် အိမ်သာမလုံလောက်

နှင်းနွယ် — ရခိုင်ပြည်နယ်က မြောက်ဦး၊ ကျောက်တော်၊ မြေပုံစသည့်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းအချို့တွင် အိမ်သာ မလုံလောက်သဖြင့် စစ်ဘေးရှောင်များ အခက်အခဲကြုံတွေ့နေရပြီး ကျန်းမာရေးအတွက်လည်း စိုးရိမ်နေရကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။

မြေပုံမြို့နယ်မှ အင်ကြင်း၊ စညှင်း၊ လေပြွန်၊ ဒလက် စသည့်ကျေးရွာများမှ လူဦးရေ ၄၀၀ ကျော်ခိုလှုံနေသည့် စညှင်းစစ်ဘေးရှောင်စခန်းတွင် အိမ်သာ ၅ လုံးသာရှိကြောင်း စခန်းတာဝန်ရှိသူက ပြောသည်။

ထိုသို့ အိမ်သာများ အရေးပေါ်လိုအပ်နေသော်လည်း ကူညီထောက်ပံ့ပေးမည့် အဖွဲ့အစည်းများ မရှိကြောင်းနှင့် စခန်းတွင်း ကျန်းမာရေးစောင့်ရှောက်များလည်း မရှိသဖြင့် စိုးရိမ်စရာဖြစ်နေကြောင်း စညှင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ကိုသူရမိုးက ပြောသည်။

“နိုင်ငံတကာအဖွဲ့အစည်းတွေဆီက အကူအညီသွားတောင်းရင်လည်း ဒီစခန်းဟာ အစိုးရကတရားဝင်ခွင့်ပြု ထားတာမဟုတ်တဲ့အတွက် လာလို့မရဘူးဆိုတဲ့စကားပဲ အမြဲတမ်းပြောတယ်။ ကျန်းမာရေး စောင့်ရှောက် မှုလည်းမရတော့ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ရင်တောင် ဆေးကုသဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တခြားရွာတွေကို ရောက်အောင်သွားနေရတယ်”ဟု ၎င်းကပြောသည်။

အဆိုပါစခန်းတွင် အေအေမှ ရွာသားအသွင်ဖြင့် ဝင်/ထွက်မှုများရှိနေသည်ဟုဆိုကာ တပ်မတော်က စခန်းအား ပြောင်းရွှေ့ရန် ပြီးခဲ့သည့်ဇွန်လက အသိပေးခဲ့သော်လည်း စခန်းပြောင်းရွှေ့မည့်နေရာ မရှိသဖြင့် မပြောင်းရွှေ့ဘဲ ဆက်လက်ရှိနေခဲ့သည်။

ထို့နောက်တွင် ၎င်းစခန်းအား တပ်မတော်မှ ၅ ကြိမ်ထက်မနည်း ဝင်ရောက်စစ်ဆေးမှုများလည်းရှိခဲ့သည်။

ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်လည်း စစ်ဘေးရှောင်ဦးရေ ၂၅၀၀ ကျော် ခိုလှုံလျက်ရှိကာ ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသည့် အိမ်သာ(၁၁)လုံးသာရှိသဖြင့် လူဦးရေနှင့် အိမ်သာအရေအတွက် လောက်ငှမှုမရှိကြောင်း စခန်းတာဝန်ရှိသူက ပြောသည်။

“စစ်ဘေးရှောင်တွေကလည်း အသက်အန္တရာယ် လုံခြုံမှုရှိမယ်လို့ထင်ပြီး ကျနော်တို့ဆီကို ရောက်လာကြတာ။ ဒီမှာက စားဝတ်နေရေးကလည်း ဖူလုံမှုရှိတာမဟုတ်ဘူး။ ဒီကြားထဲမှာ ကျန်းမာရေးအခြေအနေတွေကလည်း ဆိုးဆိုးဝါးဝါး ဖြစ်လာမယ်ဆိုရင် တစ်ပူပေါ် နှစ်ပူဆင့်တွေ ဖြစ်လာတော့မှာ” ဟု ညောင်ချောင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။

အိမ်သာများ ဆောက်လုပ်ပေးရန်အတွက် ယူနီဆက်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)တို့ ထံတွင် မေလအတွင်းက အကူအညီတောင်းခံခဲ့သော်လည်း အစိုးရဆီက ခွင့်ပြုချက်မရရှိဟုဆိုကာ ယခု အချိန်ထိ ကူညီပေးခြင်းမရှိသေးကြောင်း ၎င်းကဆက်၍ရှင်းပြသည်။

ထို့ပြင် ကျောက်တော်မြို့ပေါ်ရှိ နေပူခံစစ်ဘေးရှောင်စခန်းတွင်လည်း လူဦးရေ ၁၂၀၀ ကျော်ရှိရာ အိမ်သာအလုံး ၄၀ ကျော်သာရှိ၍ အိမ်သာလုံလောက်မှုမရှိသဖြင့် ဝမ်းရောဂါဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း နေပူခံ စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်အေးစိုးကပြောသည်။

“ကျနော်တို့အနေနဲ့လည်း မိလ္လာတွေမကျန်ရအောင် ကျန်းမာရေးဌာနက ညွှန်ကြားတဲ့အတိုင်း သန့်ရှင်းရေးတွေ အတတ်နိုင်ဆုံးလုပ်တယ်။ ဒါပေမဲ့ လက်ရှိအိမ်သာတွေကိုက လုံးဝအဆင်မပြေတာ၊ အကုန်လုံး ညစ်ပတ်နေတယ်။ ကျန်းမာရေးနဲ့လည်း ညီညွှတ်မှုမရှိဘူး။ ဝမ်းရောဂါတွေဖြစ်မှာကိုတောင်စိုးရိမ်တယ်” ဟု ၎င်းက ပြောသည်။

ကျောက်တောင်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းနှင့် မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အချို့၌ မေလအတွင်းက ဝမ်းပျက်၊ ဝမ်းလျှောရောဂါများ ဖြစ်ပွားခဲ့ကြပြီး လက်ရှိအချိန်တွင်လည်း ဝမ်းရောဂါဖြစ်ပွားနေမှုရှိနေကြောင်း စခန်းတာဝန်ရှိသူများက ပြောဆိုကြသည်။

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...