စစ်ရေးကြောင့် ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပဖြစ်မှာကို စိုးရိမ်မှုရှိနေကြ

စစ်ရေးကြောင့် ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပဖြစ်မှာကို စိုးရိမ်မှုရှိနေကြ

လားနွန် – စစ်ရေးပဋိက္ခကြောင့် နယ်မြေတည်ငြိမ်းအေးချမ်းမှုမရှိသော ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် လာမည့် (၂၀၂၀) အထွေထွေရွေးကောက်ပွဲ မကျင်းပဖြစ်မှာကို အရပ်ဘက်အဖွဲ့အစည်းနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက စိုးရိမ်နေကြသည်။



ချင်းပြည်နယ်တွင် လူဦးရေးအများဆုံးမြို့နယ်ဖြစ်ပြီး လွှတ်တော်မဲဆန္ဒနယ်မြေ (၅) ခုအထိရှိသည့် ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်တော် (AA) တို့အကြားဖြစ်ပွားနေသော တိုက်ပွဲများသည် ဒေသတွင်းကျင်းပမည့်ရွေးကောက်ပွဲအား အနှောက်အယှက်ဖြစ်စေမည်ကို စိုးရိမ်နေကြပြီး အကယ်၍ ရွေးကောက်ပွဲမကျင်းပနိုင်ပါက ပလက်ဝမြို့နယ်အတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်လာမည်ဟု ခူမီးမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) မှ ညှိုနှိုင်းရေးမှူး ဦးစောမြကပြောသည်။



“ရွေးကောက်ပွဲမလုပ်ဖြစ်ဘူးဆိုရင် လွှတ်တော်ကိုယ်စားလှယ်မရှိဘူးဆိုရင်တော့ နစ်နာမှုကတော်တော်ကိုကြီးတယ်၊ လွှတ်တော်ရန်ပုံငွေတွေ မြို့နယ်အလိုက်ပေးတဲ့ အဲဒါတွေမရနိုင်ဘူး အဲဒီဟာကလည်း အသေးစားရန်ပုံငွေအနေနဲ့ သေးသေးမွှားမွှားလေးတွေလုပ်လုပ်လို့ရတာ သိန်း (၅၀) အောက် အဲလိုမျိုးရှိပါတယ် အဲဒါမျိုးတွေရတော့မှာမဟုတ်ဘူး၊ နောက်ကျနော်တို့မြို့နယ်ကိုယ်စား လွှတ်တော်ထဲမှာ အဆိုတင်မယ့် မေးခွန်းမေးမယ့်ဟာမျိုးတွေလည်း ဆုံးရှုံးမယ် ဆိုလိုတာက တခြားမြို့နယ်က ကိုယ်စားလှယ်တွေကနေတဆင့်သွားမယ်ဆိုလို့ရှိရင်လည်း အဲဒီလုပ်ငန်းကလည်း ရှည်မယ် ကျနော်တို့ကိုယ်တိုင်က ဘယ်လောက်ပြောပြော သူကတော့ တကယ်ခံစားတဲ့သူမဟုတ်ရင်တော့ ပြောအားကလည်းနည်းသွာမှာကို အဲလိုမျိုးလည်းရှိတယ်” ဟု ဦးစောမြကပြောသည်။



နိုင်ငံတစ်နိုင်ငံအတွက် ရွေးကောက်ပွဲသည် အလွန်အရေးကြီးသည့်အတွက် တိုက်ပွဲဖြစ်ပွားသည့် အန္တရာယ်များသော ကျေးရွာများကိုသာချန်ထားခဲ့ပြီး ရွေးကောက်ပွဲအားမဖြစ်မနေလုပ်စေချင်ကြောင်း ကြိုတင်မဲပေးပိုင်ခွင့်သ ည်လည်း တိုးမြှင့်ပေးစေလိုကာ မဲရုံများမှာလည်းများနိုင်လောက်ဖွင့်ပေးစေလိုကြောင်း ဦးစောမြက ဆက်ပြောသည်။



နိုင်ငံရေးလေ့လာနေသူတစ်ဦးဖြစ်သည့် Danish Institute of Party and Democracy မှ လူငယ်အစီအစဉ် ညှိုနှိုင်းရေးမှူး Salai David Van Bawi Mang က အကယ်၍ ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်လျှင် ဒီမိုကရေစီစံချိန်စံနှုန်းများ လျော့နည်းမည်ဖြစ်ကာ ပြည်သူလူထု ကိုယ်စားပြုမှု လျော့နည်းလာနိုင်မည်ဟု ပြောသည်။



“ရွေးကောက်ပွဲမဖြစ်ဘူးဆိုရင်တော့ ကျနော်တို့ပြောနေတဲ့ ဒီမိုကရေစီရဲ့ စံချိန်စံနှုန်းတွေမှာ လျော့နည်းသွားမယ်၊ ပြည်သူလူထုရဲ့ကြားပိုင်ခွင့် ပြည်သူလူထုရဲ့တောင်းဆိုမှု ကိုယ်စားပြုမှု လျော့နည်းသွားမှာဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲကိုတော့ မဖြစ်ဖြစ်အောင်လုပ်ဖို့တိုက်တွန်းချင်တယ်၊ တစ်ချက်ကတော့ လက်ရှိတပ်မတော်နဲ့ AA နဲ့ဖြစ်နေတဲ့တိုက်ပွဲတွေကို ရပ်တန့်စေချင်ပါတယ် နိုင်ငံရေးစကားဝိုင်းတွေဖြစ်ပေါ်စေချင် ပါတယ်၊ ပြီးတော့မှ ရွေးကောက်ပွဲကာလအတွက် တိုင်းရင်းသား လက်နက်ကိုင်နေတဲ့ဖက်ကလည်း သူတို့အနေနဲ့ ပြည်သူတွေအတွက်ရော ထည့်သွင်းစဉ်းစားပေးသင့်တယ်လို့ ကျနော့်အနေနဲ့မြင်ပါတယ် ဘယ်လိုပဲပြောပြောရွေးကောက်ပွဲကာလကို အခုလက်ရှိနိုဝင်ဘာလို့ အားလုံးကလည်းသိထားပြီးသား သတ်မှတ်ပြီးသားဖြစ်တယ် အဲဒီအခါကျတော့ အဲဒီမှာ တပ်နှစ်ဖက်က ဘယ်လောက်ထိအပေးအယူလုပ်ပြီးတော့ ပြည်သူတွေရဲ့ကောင်းကျိုး တိုင်းရင်းသားအခွင့်အရေး ဒီမိုကရေစီရဲ့ စံချိန်စံနှုန်းတွေကို ဘယ်လောက်ထိလိုက်နာပြီးတော့ ဆောင်ရွက်ပေးမလဲ ဆိုတဲ့ဟာမျိုး ကျနော်တို့ မေးခွန်းမေးရမှာဖြစ်သလို တောင်းဆိုနေတာလည်းဖြစ်ပါတယ်” ဟု Salai David Van Bawi Mang ကပြောသည်။



ပလက်ဝမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအား တစ်ခြားမြို့နယ်များကဲ့သို့ ကျင်းပပြုလုပ်နိုင်ရန် ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) မှ မဲစာရင်းများနှင့် ပစ္စည်းများမှာ အဆင်သင့်ပြင်ဆင်ပြီးသားဖြစ်ကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။



“ ကျနော်တို့ ပလက်ဝအတွက်ကိုတော့ မဲရုံလျာထားချက်မှာ ၂၀၁၅ ထက်ပိုပြီးတော့ မဲဆန္ဒရှင်ပြည်သူတွေလွယ်လင့်တကူ လာနိုင်ဖို့ရည်ရွယ်ပြီးတော့ တိုးချဲ့ပြီးတော့လျာထားတာ တွေရှိပါတယ်၊ မဲရုံသုံးပစ္စည်းတွေလည်း အခုချိန်မှာ စစ်တွေထိအောင် မဲရုံသုံးပစ္စည်းတွေကရောက်နေပါတယ် ထပ်ပြီးတော့ ကျနော်တို့ ဘယ်လိုနည်းနဲ့ သယ်မလဲ လက်ရှိအခြေအနေတိုင်းဖြစ်တယ်ဆိုရင်တော့ နည်းလမ်းတစ်ခုတော့ရှိတယ် လုံခြုံရေးအကူအညီယူပြီးတော့ အပေါ်လမ်းကြောင်းကနေ သွားမလားဆိုတဲ့ဟာကို ကျနော်တို့စီစဉ်လျက်ရှိပါတယ်၊ ဒါတော့ မဲဆန္ဒနယ်မြေကိုလည်း ပလက်ဝမှာ အမျိုးသားလွှတ်တော် ပြည်သူ့လွှတ်တော် ပြည်နယ်လွှတ်တော် အဲဒီအတွက်လျာထားပေးတာဖြစ်တဲ့အတွက် ကျနော်တို့ ကော်မရှင်အဖွဲ့(ခွဲ) အနေနဲ့ကတော့ ရွေးကောက်ပွဲကျင်းပမယ့်ရက် ရွေးကောက်ပွဲကျင်းပနိုင်ပြီဆိုလို့ရှိရင် အဆင်သင့်ဖြစ်အောင် မဲစာရင်းတွေရော ပစ္စည်းတွေရော အားလုံးဆောင်ရွက်ပြီးဖြစ်ပါတယ်” ဟု ချင်းပြည်နယ်အထွေထွေရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။



မြို့နယ် (၉) မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် ပြည်နယ်လွှတ်တော်တွင် မဲဆန္ဒနယ် (၁၈) နေရာ၊ ပြည်သူ့လွှတ်တော်တွင် မဲဆန္ဒနယ် (၉) နေရာ နှင့် အမျိူးသားတော်တွင် မဲဆန္ဒနယ် (၁၂) နေရာ စုစုပေါင်း မဲဆန္ဒနယ်မြေ (၃၉) နေရာရှိပြီး လာမည့် (၂၀၂၀) ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၃ သိန်း ၄ သောင်းကျော်ခန့်ရှိသည်ဟု သိရသည်။

 
 

Most read this week

December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...