စစ်ဘေးရှောင်စခန်းများတွင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ ဆောက်လုပ်နေ

စစ်ဘေးရှောင်စခန်းများတွင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ ဆောက်လုပ်နေ

ခင်သရဖီဦး — ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်တိမ်းနေရသော ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနိုင်ရန် အတွက် စစ်ဘေးရှောင်စခန်းအချို့၌ ကိုထူကိုယ်ထ စာသင်ကျောင်းများကို ဆောက်လုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်နှင့် မြေပုံမြို့နယ်တို့မှ စစ်ဘေးရှောင်စခန်း ၅ ခုတွင် ယင်းသို့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ ဆောက်လုပ်လျက်ရှိရာ သစ်၊ ဝါးစသည့်ပစ္စည်းများ ဝယ်ယူရန် ငွေကြေးအခက်အခဲများရှိနေကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။

“တစ်အိမ်က ဝါး ၁၀ လုံးကောက်ယူပြီး ဆောက်လုပ်နေကြတာတော့ တစ်လလောက်ရှိပြီ။ ခေါင်မိုးအတွက် ငွေကြေးအဆင်မပြေသေးဘူး”ဟု ဝါးတောင်စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးစိန်ရွှေဘုက ပြောသည်။

ကျောက်တော်မြို့နယ်ရှိ ဝါးတောင်စစ်ဘေးရှောင်စခန်း၌ ကျောင်းသား၊ ကျောင်းသူ ၃၀၀ ကျော်နှင့် တောင်မင်း ကုလား စစ်ဘေးရှောင်စခန်း၌ ကျောင်းသား၊ ကျောင်းသူ ၈၀ ကျော်ရှိကြသည်။

အလားတူ ကျောင်းသား၊ကျောင်းသူ ၈၀ ကျော်ရှိသည့် မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်စခန်း၌ အလှူရှင်များ ထံမှ အကူအညီမရရှိ၍ တောင်ပေါ်မှဝါးများကိုခုတ်ယူကာ ကိုယ်ထူကိုယ်ထစာသင်ကျောင်းကို ဆောက်လုပ် လျက်ရှိနေသည်။

“စခန်းက တရားဝင်ခွင့်ပြုထားတဲ့ စခန်းမဟုတ်ဘူးဆိုတော့ လုပ်ရကိုင်ရတာ အခက်အခဲရှိပါတယ်။ ကျနော်တို့က ICRC လို နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူညီတောင်းဖို့ကလည်း ခက်ခဲပါတယ်။ အခုက ကိုယ်ထူကိုယ်ထနဲ့ တောင်ကဝါးတွေခုတ်ပြီး လုပ်နေရပါတယ်” ဟု စညှင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုသူရမိုးက ရှင်းပြသည်။

စစ်ဘေးရှောင်တိမ်းနေရသည့် မူကြိုတန်းမှ မူလတန်းအထိကျောင်းသားများကို စခန်းအတွင်း၌ ပညာသင်ကြား နိုင်ရန် ကိုယ်ထူကိုယ်ထစာသင်ကျောင်းများ ဆောက်လုပ်ခြင်းဖြစ်ကြောင်း စခန်းတာဝန်ခံများက ဆိုသည်။

လက်ရှိမှာ COVID-19 ကပ်ရောဂါဖြစ်ပွားနေခြင်း၊ စခန်းတည်နေရာမှာ စာသင်ကျောင်းများနှင့်ဝေးကွာနေ ခြင်းတို့အပြင် အချို့သောဒေသများတွင် လှေဖြင့်ကျောင်းသွားတက်ရခြင်းတို့ကြောင့် ယခုကဲ့သို့ စခန်း၌ စာသင်ကြားနိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်းလည်း စခန်းတာဝန်ရှိသူများက ပြောသည်။

ယခုဆောက်လုပ်နေသည့် ကိုယ်ထူကိုယ်ထကျောင်းများတွင် တက်ရောက်မည့် မူကြိုတန်းမှ မူလတန်းအထိ ကျောင်းသားများကို စခန်းအတွင်းမှ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူများအား ငှားရမ်းကာ သင်ကြား ပေးသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ယင်းသို့ ကိုယ်ထကိုယ်ထစာသင်ကျောင်း ဆောက်လုပ်နေခြင်းအား အကြောင်းကြားလာပါက ကျေးရွာအတွင်း တာဝန်ကျဆရာ၊ ဆရာမများ သွားရောက်သင်ကြားပေးရန်နှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများကို ကူညီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြောက်ဦးခရိုင်ပညာရေးမှူး ဦးမောင်သိန်းရွှေက ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်းငါးသောင်းကျော်ရှိရာ ယင်းအထဲတွင် ကျောင်းသူ၊ကျောင်းသား သုံးဆယ်ရာခိုင်နှုန်းအထိ ပါဝင် နေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး(REC)ထံမှ သိရသည်။

April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...