ရွှေမျှောများကြောင့် သစ်တောပြုန်းတီးနေရာများတွင် သစ်စေ့မြေအလုံးတစ်သိန်းကြဲချခဲ့

ရွှေမျှောများကြောင့် သစ်တောပြုန်းတီးနေရာများတွင် သစ်စေ့မြေအလုံးတစ်သိန်းကြဲချခဲ့

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေမျောတူးဖော်ခြင်းကြောင့် သစ်တောပြုန်းတီးနေသော နေရာများကို ဇွန်လ ၁၉ ရက်နေ့တွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေ အလုံးပေါင်း တစ်သိန်းကြဲချခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးကပြောသည်။

“ဟိုအရင်တုန်းက တစ်ခါမှ မလုပ်ဖူးဘူးလေ ။ ဆိုတော့ သူတို့ကလည်း တစ်လတစ်ကြိမ် ပြန်ကွင်းဆင်းပြီးမှ စစ်ကြည့်မှာပေါ့ ဘယ်လောက်ထိရောက်မှု ရှိလဲမရှိဘူးလဲပေါ့။ အခုလိုလုပ်တာက မလုပ်တာထက်သာရင်တော့ ပိုပြီးတော့ကောင်းတာပေါ့လေ။” ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်ကပြောသည်။

အဆိုပါနေရာများတွင် ပေါက်ရောက်ရှင်နိုင်မှုရှိနိုင်မည့် ဘောစကိုင်း၊ ရှား၊ ကုက္ကို စသည့် မျိုးစေ့များကို မြို့နယ်အတွင်း နေရာ (၉)နေရာကို ကြဲချ စိုက်ပျိုးခဲ့ပြီး အပင်များပေါက်ရောက်ရှင်သန်မှုကိုလည်း သွားရောက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သစ်တောဦးစီးကပြောသည်။

ဟုမ္မလင်းမြို့နယ်အတွင်း တပိုင်တနိုင် ရွှေတူဖော်ခွင့်ချပေးသည်မှာ အစိုးရအနေ အားနည်းချက်များရှိနေခြင်းကြောင့် တရားမဝင်လုပ်ကိုင်မှု များနေပြီး သဘာဝပတ်ဝန်းကျင်ကို ပိုမိုထိခိုလျက်ရှိသည်။

တပိုင်တနိုင် တရားဝင်တူဖော်ချပေးခြင်းဖြင့် သစ်တော ပြုန်းတီးမှုကို လျော့ချနိုင်ကြောင်း ဦးကျော်ဌေးလွင်ကပြောသည်။

“သစ်တောတွေ ပြုန်းသွားတဲ့ အဓိက အကြောင်းရင်းက နံပါတ်တစ်ကတော့ ရွှေမျောကြောင့် ဒုတိယအနေနဲ့ သစ်ထုတ်လုပ်တာလည်းပါတယ်။ အရင်က နွေရာသီမှာ ပူတယ်ဆိုတာ သိပ်မရှိခဲ့ဘူး သစ်ရိပ်တောင်ရိပ်ရှိတဲ့အခါကျတော့ အခုကျတော့ ပူတာကြီးက မန္တလေးနေရာမှာ ပူသလိုမျိုး ခံစားနေရတော့တာ။” ဟု ပင်ခုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ချိုကပြောသည်။

“တကယ်လို့ တရားဝင်ရှိသွားပြီဆိုရင် အစိုးရစီမှာ စာရင်းရှိပြီးသားလေ သူတို့စည်းကမ်းချက်မှာလဲ ဒါတွေ သိသွားပြီး သူတို့ရဲ့ လုပ်ကွက် တစ်ဧကပြီးသွားရင် တစ်ဧက သူတို့တူးဖော်ထားတဲ့ဟာကို ပြန်ပြီးတော့ ပြုပြင်၊ အစားထိုးပြန်စိုက် မလုပ်ဘူးဆိုရင် စာရင်းရှိပြီးသား သူတို့ကိုပြန်ထိမ်းကျောင်းလို့ရတာပေါ့။ တကယ်ထိထိရောက်ရောက်စိတ်ပါလက်ပါနဲ့ ပြန်ပြီးတော့ စိုက်သလားမစိုက်ဘူးလား အစိုးရ သက်ဆိုင်ရာဌာနတွေကလည်း အမြဲတမ်း ကွင်းဆင်းချမှတ်ဖို့တော့ လိုတာပေါ့လေ။ ဖြစ်သလိုပဲ စိုက်ထားပြီးတော့ ပစ်ထားရင် ဒါ အဓိပ္ပါယ်တော့မရှိဘူး။” ဟု ဦးကျော်ဌေးလွင်ကပြောသည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...