By လားနွန် – အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ချင်းပြည်နယ် ရိခေါဒါရ်မြို့ အနီးတဝိုက်တွင် ဇွန် ၂၂ ရက်နံနက်ပိုင်း ၅ နာရီဝန်းကျင်ခန့်က အင်အားအသင့်အတင့်ရှိသည့် မြေငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်နှင့် အဆောက်အဦးများပျက်စီးမှုရှိခဲ့သည်။
အဆိုပါ မြေငလျင်လှုပ်ခတ်မှုကြောင့် ရိခေါဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရိပြည်ထောင်စုရိပ်သာ မျက်နှာကျက်အက်ကွဲကွာကျပျက်စီးမှု၊ ပြန်ကြာရေးနှင့်ပြည့်သူ့ဆက်ဆံ ရေးဌာန ရုံးအဆောက်အဦးအရှေ့မျက်နှာစာ နံရံများအက်ကွဲကွာကျပျက်စီးမှု၊ ရိခေါဒါရ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ဦးထန်းအောင် နေအိမ် နှစ်ထပ်တိုက် ပင်မဆောင်နဲ့ကပ်လျက်တွင်ရှိသော ဝရံတာ၊ မီးဖိုဆောင်၊ ပန်းတင်ခုံများ အက်ကွဲပျက်စီးမှု၊ ဒေါ်ဇွန်ကိမ်း၏ နေအိမ် တစ်ထပ်တိုက် အတွင်းအိပ်ခန်းနံရံ၊ မီးဖိုချောင်၊ မီးဖိုခန်းလှေခါးအိမ်များအက်ကွဲပျက်စီးမှု၊ ဦးငွန်နယ်ကျဲအိုတို့ နေအိမ် နှစ်ထပ်တိုက် ဆောက်လုပ်ဆဲအတွင်းနံရံများအက်ကွဲပျက်စီးခဲ့သည်ဟု ရိဒ်ခေါဒါရ်မြို့ ပြန်ဆက်ဦးစီးမှူး ဦး LalPeklawma ကပြောသည်။
“ထိခိုက်ပျက်စီးတာတော့ရှိတယ် မနေနိုင်လောက်အောင် ပျက်စီးတာတော့မရှိဘူး၊ အိမ်တွေက အက်တာရှိတယ် တစ်ချို့နေရာမှာကျတော့ တော်တော်အက်ကွဲတယ် ရွေ့ပြောင်းစရာတော့မလိုပါဘူး၊ ထိတ်လန့်ကြတယ်၊ ဒီလိုမျိုးမကြုံဖူးဘူးဆိုတော့ ဒါပေမဲ့လူတွေထိခိုက်ပျက်ဆီးမှုတော့မရှိဘူး၊ ကျနော်သိသလောက်ဆိုရင်တော့ အဲလောက်ပြင်းအားကောင်းတာမျိုးတော့ မကြုံဖူးပါဘူး။ ဒီတစ်ခေါက်ပဲ၊ ရုံးတော့တက်လို့ရပါတယ်။ ရုံးက အက်ပဲအက်တာဆိုတော့ တက်လို့ရပါတယ်” ပြန်ဆက်ဦးစီးမှူး ဦး LalPeklawma ကပြောသည်။
ဟားခါးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၂) ခန့်ကွာဝေးသော မြန်မာ-အိန္ဒိယနယ်စပ်အနီး မြေအောက်အနက် (၄) ကီလိုမီတာကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး (၅.၉) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

လှုပ်ခတ်သွားသည့် မြေငလျင်နှင့်ပတ်သက်၍ ရိခေါဒါရ်မြို့တွင် နေထိုင်သူအမျိူးသမီးတစ်ဦးကလည်း “ဒီနေ့မနက် ငလျင်လှုပ်တာတော့ အရမ်းကြောက်စရာကောင်းတယ် အိမ်ထဲက ဘီရိုတံခါးတွေ ပြုတ်ကျ မှန်တင်ခုံ မှန်လည်းကွဲ ဒီလိုမျိုးတစ်ခါမှမကြုံဖူးဘူး တစ်ချို့အိမ်တွေဆိုလည်း သိပ်နေလို့မရတော့လောက်ထိ ပျက်စီးတာတွေရှိတယ်” ဟု ပြောသည်။
အဆိုပါမြေငလျင် လှုပ်ခတ်မှုကြောင့် တဖက်မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာတွင်လည်း ဘာသာရေးအဆောက်အဦးတစ်ချိူ့လည်း အနည်းငယ်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။







