ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ဌာနဆိုင်ရာများနှင့် ကုမ္ပဏီများအကြား ချူပ်ဆိုထားသော စာချူပ်ပါအဓိကအချက်အလက်များအား လုပ်ငန်းအောင်မြင်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ကြီးကြပ်မှု တာဝန်ယူရသော လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာန ခရိုင်/မြို့နယ်နှင့် ကျေးရွာအုပ်ချူပ်ရေးမှူးများကို အသိပေးရန်ဆိုသည့် ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆိုကို ချင်းပြည်နယ်လွှတ်တော်က အတည်ပြုလိုက်သည်။
ယင်းအဆိုကို ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်းက ပြီးခဲ့သည့်ဇွန်လ (၁၈) ရက်နေ့က ကျင်းပပြုလုပ်သော ဒုတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အထူးအစည်း အဝေးပထမနေ့တွင် တင်းသွင်းပြီး ဇွန်လ (၁၉) ရက် လွှတ်တော်အထူးအစည်းအဝေးဒုတိယနေ့တွင် ဆွေးနွေးအတည်ပြုခဲ့ကြခြင်းဖြစ်သည်။
“ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကုမ္ပဏီကနေပြီးမှ ဆောင်ရွက်တဲ့အခါမှာ တချိူ့နေရာမှာ လူမြင်ရင်တောင် မသင့်တော်တဲ့အရာတွေ ပစ္စည်းအရည်အသွေးအရသော်လည်းကောင်း၊ အရေအတွက်အရသော်လည်းကောင်း၊ အဲလိုမျိူးချွက်ယွင်းတာတွေ အားနည်းတာတွေရှိတတ်တယ်။ ကျနော်တို့လွှတ်တာ်ကိုယ်စားလှယ်ကသော်လည်းကောင်း၊ ခရိုင်/မြို့နယ်အုပ်ချူပ်ရေးမှူးတို့၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေကသွားပြောတဲ့အခါမှာ စာချူပ်ထဲမှာဒီလို ဘဲပါတယ်ဆိုပြီး ပြန်ပြီးတော့မှအပြောခံရတတ်တယ်။ နောက်တချက်က ဥပမာ ပညာရေးဌာနကအဆောက်အဦးဆောက်တယ်။ ကျေးရွာတွေမှာကျောင်းဆောင်တွေဆောက်တယ်။ သက်ဆိုင်ရာပညာရေးဌာနကနေမသိရဘူး။ မသိအခါကျတော့ သူတို့ဟာသူတို့လာလုပ်တယ် သူတို့ဟာသူတို့ပြီးသွားတယ်။ ပြီးကြမှလာစစ်ဆေးတယ်။ ခများတို့ဌာနဘဲ မကြီးကြပ်ဘူးလား။ မသိရကောင်းလားဆိုပြီး အပြောဆိုခံရတဲ့ဟာမျိူးတွေရှိတယ်။ ဒါကြောင့် ကုမ္ပဏီနဲ့က ပြည်နယ်အဆင့်မှာစာချူပ်ချူပ်ကြတယ်။ ပြည်နယ်က ခရိုင်ကို အသိပေးရမယ်။ မြို့နယ် ကျေးရွာအုပ်ချူပ်ရေးမှူးအဆင့်ထိ အသိပေးရမယ် အဲဒီလိုအသိပေးမှဘဲ ကျနော်တို့ကို ဝိုင်းဝန်းပြောဆိုလို့ရမယ် ကုမ္ပဏီကိုလည်း အကြံပေးလို့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဒီအဆိုကိုတင်သွင်းတာဖြစ်တယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်းကပြောသည်။
ချင်းပြည်နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအမျိူမျိူး(လမ်းဖောက်လုပ်ခြင်း)နှင့် (အခြားတည်ဆောက်ရေးလုပ်ငန်းအမျိူးမျိူး)အား တင်ဒါများခေါ်ယူကာ ကုမ္ပဏီအသီးသီးက နှစ်စဉ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြပြီး ယင်းကဲ့သို့ အကောင်အထည်ဖော်ဆောင်ရာတွင် လုပ်ငန်းများ ပြည့်မီရန်၊ စံချိန်စံညွန်းအတိုင်းဆောင်ရွက်ရန် အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်၊ ကျေးရွာအုပ်ချူပ်ရေးမှူးများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြသော်လည်း ကုမ္ပဏီနှင့် ပြည်နယ်အဆင့် ချုပ်ဆိုသော စာချူပ်ပါအဓိကအချက်များကို အသေးစိတ်သိရှိခြင်းမရှိသည့်အတွက် သွားရောက်စစ်ဆေးကြီးကြပ်သည့်အခါ အခက်အခဲကြုံတွေ့လေ့ရှိကြခြင်းဖြစ်သည်။
ထို့ကြောင့် ကုမ္ပဏီနှင့် အစိုးရအကြားချူပ်ဆိုသော စာချူပ်ပါအဓိကအချက်အလက်များအား အောက်ခြေဌာနဆိုင်ရာအထိ အသိပေးရန်ဆိုသည့်အဆိုကို လွှတ်တော်သို့တင်သွင်းရခြင်းဖြစ်ပြီး ယင်းအဆိုကို လွှတ်တော်ကိုအတည်ပြုသည့်အတွက် နောက်နောင်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သည့်အခါ သတ်မှတ်ထားသည့်စံချိန်စံညွန်းများနှင့်အညီဆောင်ရွက်လာနိုင်မည်ဟု ယုံကြည်ကြောင်း ဦးဗန်ထောင်းကပြောသည်။
“နောင်မှာ ဝိုင်းဝန်းပြီးတော့ ကြီးကြပ်မယ့်အခါကျတော့ ကြီးကြပ်သူအရေအတွက်နည်းနေတာထက်တော့ ပိုပြီးတော့မှ ပြီပြီပြင်ပြင်သတ်မှတ်ထားသောစံချိန်စံညွန်းအတိုင်း သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေအတိုင်း ပိုပြီးတော့မှဆောင်ရွက်လာနိုင်မယ်လို့ယုံကြည်ပါတယ်’’ ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်းကပြောသည်။
မတူပီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်ကလည်း စာချူပ်ပါအဓိကအချက်အလက်များ မိတ္တုများအား သိရှိခြင်းအားဖြင့် လုပ်ငန်းကြီးကြပ်မှုပိုင်းတွင် များစွာအထောက်အကူပြုမည်ဟု ပြောသည်။
“အဲဒီအဆိုကို ကျနော်တို့အတည်ပြုလိုက်တော့ သက်ဆိုင်ရာ ကျေးရွာအုပ်ချူပ်ရေးမှူးတွေကလည်း ဒီစာချူပ်စာတန်းတွေကို သိရတာပေါ့နော် ဒီစာချူပ်စာတန်းတွေကို ကြည့်ပြီးတော့ ကြီးကြပ်လို့ရတာပေါ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ချက်ခြင်းချက်ခြင်းနဲ့ လုပ်ငန်းခွင်ထဲမရောက်နိုင်တော့ ဒီစာချူပ်စာတန်းမိတ္တူတွေသာ ကျေးရွာအုပ်ချူပ်ရေးမှူးများဆီရောက်ရင် ပိုပြီးတော့ ထိရောက်မှာပါ၊ ကျေးရွာအုပ်ချူပ်ရေးမှူးတွေကလည်း စာချူပ်ကိုကိုင်ပြီးတော့ ကန်ထရိုက်တာတွေကို ကြီးကြပ်လို့ရတာပေါ့’’ ဟု ဦးအောင်လျန်ကပြောသည်။







